၄င်းထုတ်လုပ်သည့် ကိုယ်လိမ်းပေါင်ဒါသုံးစွဲပြီး သားအိမ်ကင်ဆာ ဖြစ်ပွားခဲ့သည်ဟု အမျိုးသမီး ၂၂ ဦးတို့က စွပ်စွဲခဲ့ပြီးနောက် Johnson & Johnson အနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ(သန်း ၄၇၀ဝ) ပေးလျော်ရန် အမေရိကန်တရားရုံးတစ်ရုံးက အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။
မစ်ဆိုရီပြည်နယ်မှ တရားသူကြီးတစ်ဦးက Johnson & Johnson သည် ဒဏ်ကြေး ၄ ဒသမ ၁ ဘီလီယံ ပေးဆောင်ရမည့်အပြင် ကနဦးလျော်ကြေးအဖြစ် ဒေါ်လာ သန်း ၅၅၀ ထည့်ပေါင်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။
ဆေးဝါးထုတ်လုပ်သည့် ဧရာမကုမ္ပဏီကြီးဖြစ်သည့် Johnson & Johnson သည် ယင်းကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ တရားစွဲဆိုမှုပေါင်း ၉၀ဝ၀ ခန့် ရင်ဆိုင်နေရသည်။ ၄င်းက စီရင်ချက်ကို အလွန်စိတ်ပျက်မိကြောင်း၊ အယူခံဝင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သီတင်းခြောက်ပတ်ကြာ စစ်ဆေးမှုအတွင်း အမျိုးသမီးများနှင့် မိသားစုဝင်များက Johnson & Johnson မှ ထုတ်လုပ်သည့် ကလေးပေါင်ဒါနှင့် အခြားကိုယ်လိမ်းပေါင်ဒါများ ဆယ်စုနှစ်ချီသုံးစွဲပြီးနောက် သားအိမ်ကင်ဆာ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ တရားလိုရှေ့နေများက ကုမ္ပဏီသည် ၁၉၇၀ ပြည့်လွန်နှစ်များကထဲက မသန့်ရှင်းသည့်ကျောက်ဂွမ်းများဖြင့် ပေါင်ဒါများ ထုတ်လုပ်ခဲ့ပြီးနောက် ယင်း၏အန္တရာယ်ကို အမျိုးသမီးသုံးစွဲသူများအား အသိပေးရန် ပျက်ကွက်ခဲ့ကြောင်းပြောဆိုခဲ့ပြီး ကုမ္ပဏီကမူ ၄င်းထုတ်ကုန်များတွင် ကျောက်ဂွမ်းများ အစဉ်အမြဲပါဝင်ပြီး ယင်းသည် ကင်ဆာဖြစ်စေခြင်း၏ဇစ်မြစ်မဟုတ်ကြောင်း၊ စွဲဆိုစီရင်မှုသည် မမျှတကြောင်း ပြောဆိုခဲ့သည်။
၂၀၁၇ ကလည်း အမျိုးသမီးတစ်ဦးက Johnson & Johnson မှ ထုတ်လုပ်သည့် ကလေးပေါင်ဒါအပါအဝင် ထုတ်ကုန်အချို့သုံးစွဲပြီးနောက် သားအိမ်ကင်ဆာဖြစ်ပွားခဲ့ကြောင်း စွဲဆိုခဲ့သည်ကို ကာလီဖိုးနီးယားရှိ တရားသူကြီးတစ်ဦးက ကုမ္ပဏီအနေဖြင့် ဒေါ်လာ ၄၁၇ သန်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့ဖူးသည်။
















