မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့်တန်ဖိုးရှိ မူးယစ် ဆေးဝါးများတင်ပို့မှု ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရမှုတွင် အဓိကပါဝင်သူ နှစ်ဦးလွတ်မြောက်နေသဖြင့် အမှုကိုစစ်ဆေး နိုင်ခြင်း မရှိသေးကြောင်း ယနေ့ ဇူလိုင် ၁၃ ရက် အနောက်ပိုင်းခရိုင်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ် စစ်ဆေးမှုအပြီးသိရသည်။
ယနေ့ရုံးချိန်းတွင် မောင်မောင်(ခ) HJ Yassin ပါ သုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးတရားစွဲဆိုတင်ပို့ နိုင်ခဲ့သော်လည်း ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး)၊ အကိုကြီး(ခ) ကတုံးနှင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် တို့ကို ဖမ်းဆီးရမိခဲ့ခြင်းမရှိသဖြင့် စစ်ဆေးနိုင်ခြင်းမရှိခြင်း ဖြစ်သည်။
ဇွန် ၁၅ ရက်က ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် မောင်မောင်(ခ) HJ Yassin အပါအဝင် သုံးဦးကို ဒုတိယ အကြိမ်ချုပ်ရမန်ယူခဲ့ပြီးနောက် ယနေ့ အနောက်ပိုင်းခရိုင်တရားရုံးသို့ မူးယစ်ဆေးဥပဒေပုဒ်မ ၂၀(ခ)/၂၂(က)ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဇွန် ၁၉ ရက်ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံသို့ လက်ဖက်ခြောက်ထုပ်များ နှင့်ရောနှောတင်ပိုခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်၊ ဇေယျာဟိန်း တို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး)၊ အကိုကြီး(ခ) ကတုံးနှင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် တို့ကို အမှုဖြင့် စုံစမ်းစစ်ဆေးနေသူများဖြစ်ကြောင်း ဖော်ပြသည်။
ယခုနှစ်မေ ၂၂ ရက်တွင် မြန်မာနိုင်ငံဘက်မှသင်္ဘောကွန်တိန်နာတစ်ခုအတွင်း လက်ဖက်ခြောက်ထုပ် များ နှင့်ဝှက်လျက် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရက မေ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများကို စစ်ဆေးချက်များအရ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin ထံမှ ခန့်မှန်းကျပ် သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်း ပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦး လွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက် ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော် တို့အား ကနဦးစိစစ် တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မလေးရှားအစိုးရက မလေးရှား နိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံ သား သုံးဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ သည်ဟု သတင်းများတွင် ဖော်ပြသည်။
လာမည့် ရုံးချိန်းကို ဇူလိုင် ၂၆ ရက်တွင်ချိန်းဆိုခဲ့ကြောင်းအနောက်ပိုင်းခရိုင်တရားရုံးမှသိရသည်။

















