အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၏ နိုင်ငံတကာလေဆိပ်အနီး ဓာတုစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အီဂျစ်နိုင်ငံပိုင်မီဒီယာ မီနာက ထုတ်ပြန်ကြေညာသည်။
ဒဏ်ရာရသူများကို ဆေးရုံတင်ကုသထားပြီး ဒဏ်ရာအပြင်းအပျော့အခြေအနေ မသိရသေးဟု မီနာက ဖော်ပြသည်။ ဓာတုစက်ရုံတစ်ရုံရှိ ဆီလှောင်ဂိုဒေါင်တစ်ခုအတွင်း အပူချိန်မြင့်မားမှုက စတင်ကာ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း အီဂျစ်စစ်ဘက်သ တင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။ နိုင်ငံတကာလေဆိပ်တွင် လေယာဉ်အဆင်းအတက်များ အနှောင့်အယှက် မရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးယိုနစ် အယ်လ်မာဆရီကပြောသည်။
မျက်မြင်သက်သေများ၏ အဆိုအရ ပေါက်ကွဲမှုသည် ပြင်းထန်လွန်းပြီး၊ ပေါက်ကွဲသံသည် နားကွဲမတတ် ကျယ်လောင်ကာ၊ အဝေးကနေပင် မီးညွန့်များကို မြင်နိုင်ကြောင်းဆိုသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တက်လာသော ပုံများအရလည်း မီးတောက်များကို ဟဲလီပိုလစ်ရပ်ကွက် ကောင်းကင်ယံတွင် မြင်ရသည်။
အီဂျစ်သတင်းသမား ရီတာခိုရာရီ၏ ဆိုရှယ်မီဒီယာတွင် တင်ထားသောပုံအရလည်း မီးသည် နှစ်ထပ် အဆောက်အအုံတစ်လုံးက ိုဝါးမြိုလောင်ကျွမ်းနေကြောင်း တွေ့ရသည်။ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြချက်အရလည်း ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုရင်းမြစ်ကို အတည်ပြုနေစဉ်အတောအတွင်း လေဆိပ်တွင် လေယာဉ်အဆင်းအတက်များကို ယာယီဆိုင်းငံ့ထားခဲ့ကြောင်းလည်း သိရသည်။
မီးလောင်မှုကြောင့် လေဆိပ်အနီး ဆီလှောင်ကန်နှစ်ကန်လည်း မီးသင့်ခဲ့ကြောင်း အီဂျစ် အရပ်ဘက်လေကြောင်း ပို့ဆောင်ရေးဝန်ကြီးကလည်း ပြောသည်။ ဇူလိုင် ၁၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၀ ခန့်တွင် မီးကို ထိန်းချုပ်လိုက်နိုင်ကြောင်းသိရသည်။

















