ထရမ့်ကို စွပ်စွဲခဲ့ဖူးသည့် အပြာသရုပ်ဆောင် မှားယွင်းဖမ်းဆီးခံခဲ့ရ

ထရမ့်ကို စွပ်စွဲခဲ့ဖူးသည့် အပြာသရုပ်ဆောင် မှားယွင်းဖမ်းဆီးခံခဲ့ရ

ဒေါ်နယ်ထရမ့် သမ္မတမဖြစ်မီတွင် ၎င်းနှင့် လိင်ဆက်ဆံခဲ့ဖူးကြောင်း စွပ်စွဲပြောဆိုခဲ့သည့် အပြာသရုပ်ဆောင် စတောင်းမီဒယ်နီယယ်သည် ဇူလိုင် ၁၁ ရက် အနှောင်းပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံရပြီးနောက် နာရီအနည်းငယ်တွင် မှားယွင်းဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဝန်ခံခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့သည်။

အိုဟိုုင်းယိုးပြည်နယ် ကိုလမ်ဘတ်စ်ရှိ အဖော်အချွတ်ကလပ်တစ်ခုတွင် ဖျော်ဖြေရင်း အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏မျက်နှာကို ရင်သားဖြင့် ပွတ်သပ်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ဒယ်နီယယ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အသက် ၃၉ နှစ်အရွယ် ဒယ်နီယယ်သည် မလျော်ကန်သော အပြုအမူကျူးလွန်ခဲ့ကြောင်း ပြစ်မှုသုံးမှုဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တစ်မှုလျှင် ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ငွေ ဒေါ်လာ ၁၀ဝ၀ ပေးဆောင်ရမည်ဖြစ်သည်။ ဒယ်နီယယ်သည် ဇူလိုင် ၁၂ ရက် အစောပိုင်းတွင် အာမခံငွေ ဒေါ်လာ ၆၀ဝ၀ ဖြင့် ပြန်လည်လွတ်မြောက်ခွင့်ရရှိခဲ့သည်။

အိုဟိုင်းယိုးရှိ ဥပဒေများအရ အဖျော်အချွတ်အကမယ်များနှင့် ဖောက်သည်များကြား ဖျော်ဖြေစဉ်အတွင်း ထိတွေ့ခြင်းမပြုရဟုပိတ်ပင်ထားရာ ဒယ်နီယယ်သည် ယင်းဥပဒေကိုချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက အစောပိုင်းတွင်ပြောဆိုခဲ့သည်။ ဒယ်နီယယ်အပေါ် ဖွင့်ထားသည့် အမှုကို ဥပဒေအရာရှိများက ဇူလိုင် ၁၂ ရက် အနှောင်းပိုင်းတွင် ရုပ်သိမ်းခဲ့သည်။

အမှားကျူးလွန်ခဲ့ပြီး ယင်းအတွက်တာဝန်ယူပါကြောင်း ကိုလမ်ဘတ်စ်ရဲမှူး ကင်ဂျက်ကော့စ်ကပြောဆိုခဲ့သည်။ သို့သော် ဒယ်နီယယ်ကိုဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့သည် လူမှုမီဒီယာများတွင် ထရမ့်လိုလားသော ပို့စ်များကို တင်ထားသူများဖြစ်သောကြောင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးပေးရန် ဒယ်နီယယ်၏ရှေ့နေ မိုက်ကယ်အဗဲနတ်တီက တောင်းဆိုခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း ဒယ်နီယယ်နှင့် အခြားအကမယ်နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ထရမ့်နှင့် ၂၀ဝ၆ ခုနှစ်တွင် လိင်ဆက်ဆံခဲ့ကြောင်း ဒယ်နီယယ်က စွပ်စွဲပြောဆိုခဲ့ပြီးဖြစ်သည်။ ထရမ့်နှင့် ဖြစ်ပျက်ခဲ့သမျှကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန်အတွက် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် ထရမ့်၏ရှေ့နေ မိုက်ကယ်ကိုဟန်က ဒယ်နီယယ်အား ဒေါ်လာ ၁၃၀ဝ၀ဝ ပေးအပ်ခဲ့သည်။