ကင်ညာလွှတ်တော်အမတ် ၂၀ သည် အခွန်ဆောင်ပြည်သူများ၏ငွေဖြင့် ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို သွားရောက်ကြည့်ရှုခဲ့သည့်အတွက် ကင်ညာပြည်သူများ မကျေမနပ်ဖြစ်နေကြသည်။
ကင်ညာလွှတ်တော်အမတ်များသည် ရက်သတ္တပတ်ကြာခရီးစဉ်အဖြစ် ရုရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အမတ်များသည် နောက်ဆုံးဗိုလ်လုပွဲအပါအဝင် အဓိကပွဲကြီးလေးပွဲကို ကြည့်ရှုမည်ဖြစ်သည်။ ခရီးစဉ်အတွက် ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
အားကစားရုံထဲတွင် ရိုက်ကူးထားသည့် ဆဲလ်ဖီဓာတ်ပုံများကို လူမှုမီဒီယာတွင် တင်ခဲ့ပြီးနောက် ကင်ညာနိုင်ငံသားများ သတိထားမိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကဲ့သို့ အခမ်းအနားကြီးများကို မည်ကဲ့သို့ စီစဉ်သည်ကို လေ့လာရန်အတွက် အမတ်ခြောက်ဦးကိုသာ သွားခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အားကစားဝန်ကြီး ရာရှစ်အဲချဲဆာက ပြောဆိုခဲ့သည်။
ကင်ညာသည် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ မည်သည့်အခါကမျှ ရောက်ရှိခြင်းမရှိခဲ့ဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ၏ အဆင့်သတ်မှတ်ချက်အရ နိုင်ငံ ၂၀၆ နိုင်ငံအနက် အဆင့် ၁၁၂ သာ ရှိနေသည်။
သို့သော် ကင်ညာသည် ကမ္ဘာ့အောင်မြင်မှုအရှိဆုံး အားကစားသမားများကို မွေးထုတ်နေသည့် နိုင်ငံဖြစ်သည်။ ပျမ်းမျှနိုင်ငံသားတစ်ဦးသည် တစ်လလျှင် ဒေါ်လာ ၁၅၀ ခန့်သာ ဝင်ငွေရှိသောကြောင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို သွားရောက်ကြည့်ရှုခြင်းသည် ငွေဖြုန်းခြင်းသာဖြစ်ကြောင်း ကင်ညာသားများက ယူဆကြသည်။
သွားရောက်ကြည့်ရှုသူများအနက် တစ်ဦးဖြစ်သည့် အထက်လွှတ်တော်အမတ် မီလီဆင့်အိုမန်ဂါသည် ခရီးစဉ်အတွင်း အလွန်အမင်းပျော်ရွှင်ခဲ့ပုံရသည်။ သွားရောက်ကြည့်ရှုခဲ့သည့် အမတ်များသည် လွှတ်တော်ရှိ အားကစားနှင့် အလုပ်သမားရေးရာကော်မတီဝင်များဖြစ်ကြပြီး ၎င်းတို့နှင့်အတူ လွှတ်တော်ဘောလုံးအသင်း ဘွန်ဂေအက်ဖ်စီအသင်းမှ အဖွဲ့ဝင်တချို့လည်း လိုက်ပါသွားခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဂျက်စတင်မူတူရီကပြောဆိုခဲ့သည်။
လွှတ်တော်လုပ်ငန်းဆောင်တာရေးရာကော်မရှင်ဥက္ကဋ္ဌ ဂျရဲမီညဲဂေညဲက အမတ်များအတွက် အသုံးစရိတ်ကို ဆုံးဖြတ်ပေးသူဖြစ်ပြီး ခရီးစဉ်ဘက်မှ ထောက်ခံပြောဆိုခဲ့သည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပုံကိုနားလည်အောင် လေ့လာရန် အမတ်များတွင် တာဝန်ရှိနေပြီး အပျော်ခရီးစဉ်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
လွှတ်တော်အမတ်များသည် ခရီးသွားရာတွင် အထက်တန်းမှ သွားရောက်လေ့ရှိကြောင်း လွှတ်တော်ဆိုင်ရာသတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။ တာဝန်ဖြင့်ခရီးသွားရာတွင် ကင်ညာအမတ်များသည် တစ်ရက်လျှင် အသုံးစရိတ် ဒေါ်လာ ၁၀ဝ၀ ခန့်ရရှိနေသည်။ ကင်ညာလွှတ်တော်အမတ်များသည် ကမ္ဘာပေါ်တွင် လစာအကောင်းဆုံးအမတ်များတွင်ပါဝင်ပြီး ယမန်နှစ်တွင် လစာ၏ ၁၅ ရာခိုင်နှုန်းဖြတ်တောက်ခံခဲ့ရပြီးနောက် တစ်လလျှင် ဒေါ်လာ ဒေါ်လာ ၆၁၀ဝ အထိရရှိနေဆဲဖြစ်ခဲ့သည်။

















