အိမ်နီးချင်းကောင်းပီသကြောင်းပြသည့်အနေဖြင့် နီပေါသည် တရုတ်နိုင်ငံအား မျိုးသုဉ်းလုနီး ကြံ့အထီးတစ်ကောင်နှင့် အမတစ်ကောင်ကို ဇူလိုင် ၁၂ ရက်တွင် လက်ဆောင်ပေးအပ်ခဲ့သည်။
တရုတ်သည် နီပေါ၌ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။ ငယ်ရွယ်သေးသည် ကြံအထီး ရူဒရာနှင့် ကြံမ ရူပ်စီတို့သည် နီပေါတိရစ္ဆာန်ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့နှင့်အတူ ကွမ်ကျိုးသို့ထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါသွားခဲ့သည်။ ကြံ့များ ကျန်းမာရေးကောင်းမွန်ကြောင်း နီပေါဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနအကြီးအကဲ မန်းဗဟာဒူးခါဓာက ပြောဆိုခဲ့သည်။
ကြံ့နှစ်ကောင်အား ကွမ်ကျိုးရှိ ဆာဖာရီဥယျာဉ်တစ်ခုထဲတွင် ဘေးမဲ့လွှတ်မည်ဖြစ်သည်။ ကေပီရှားမားအိုလီသည် ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့သွားရောက်ချိန်အတွင်း ကြံ့များကို လက်ဆောင်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အိုလီသည် ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရပြီးနောက် လွန်ခဲ့သောလတွင် တရုတ်သို့သွားရောက်ခဲ့သည်။ တိဘက်နှင့် ခတ္တမန္ဒူတို့ကို ဆက်သွယ်ပေးမည့် ရထားလမ်းဖောက်လုပ်ရန် စီမံကိန်းတစ်ခုကိုလည်း အိုလီက တရုတ်အာဏာပိုင်များနှင့် လက်မှတ်ရေးထိုးခဲ့သည်။
လက်ဆောင်များအပြန်အလှန်ပေးမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း အိုလီက ကြံလက်ဆောင်ပေးသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။ အဆိုပါအခမ်းအနားသို့ နီပေါဆိုင်ရာ တရုတ်သံအမတ်ကြီး ယုဟုန် တက်ရောက်ခဲ့သည်။
နောက်ထပ်ကြံအထီးအမတစ်စုံကိုလည်း လက်ဆောင်ပေးဦးမည်ဖြစ်သည်။ နီပေါသည် တရုတ်ထံမှ စွမ်းအင်နှင့် အခြေခံအဆောက်အအုံဆိ်ုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် မျှော်လင့်နေသည်။ နီပေါသည် ကြံ့များလက်ဆောင်ပေးသည့် သံတမန်ရေးကြိုးပမ်းမှုကို ယခင်ကလည်း လုပ်ဆောင်ခဲ့သည်။
ကုန်းပိတ်ရေပိတ်နိုင်ငံဖြစ်သည့် နီပေါသည် အမေရိကန်သို့ ကြံ့ခြောက်ကောင်နှင့် တရုတ်သို့ ကြံ့လေးကောင်အပါအဝင် အခြားနိုင်ငံများသို့ ကြံ့ ၂၂ ကောင်ခန့် လက်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

















