ဖေ့စ်ဘွတ်ခ်၊ ယူကျုနှင့် တွစ်တာကုမ္ပဏီတို့မှ ကိုယ်စားလှယ်များ နိုင်ငံရေးရည်ရွယ်ချက်ရှိမရှိကို ကန်အောက်လွှတ်တော်ကြားနာစစ်ဆေးမည်

ဖေ့စ်ဘွတ်ခ်၊ ယူကျုနှင့် တွစ်တာကုမ္ပဏီတို့မှ ကိုယ်စားလှယ်များ နိုင်ငံရေးရည်ရွယ်ချက်ရှိမရှိကို ကန်အောက်လွှတ်တော်ကြားနာစစ်ဆေးမည်

ဝါရှင်တန် ဇူလိုင် ၁၄
လူမှုမီဒီယာကုမ္ပဏီများသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ၎င်းတို့၏လူမှုမီဒီယာစာမျက်နှာများရှိ အကြောင်းအရာများကို တည်းဖြတ်ဖော်ပြမှုများရှိမရှိနှင့်ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်ရှိ တရားရေးကော်မတီသည် ဖေ့စ်ဘွတ်ခ်၊ အဲဖာဘတ်ကုမ္ပဏီ၏ ယူကျုကုမ္ပဏီခွဲနှင့် တွစ်တာကုမ္ပဏီများမှ တာဝန်ရှိသူများအား ဇူလိုင် ၁၇ ရက်တွင် ကြားနာစစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်။ 

လူမှုမီဒီယာကုမ္ပဏီများသည် ၎င်းတို့စာမျက်နှာများရှိ အကြောင်းအရာတချို့ကို နိုင်ငံရေးရပ်တည်ချက်အပေါ်မူတည်ပြီး ဖယ်ရှား၊ ဖော်ပြမှုများကိုပြုလုပ်နေကြောင်း ကွန်ဂရက်စ်ရှိ ကွန်ဆာဗေးတစ် ရီပတ်ဘလီကန်အမတ်များက စွပ်စွဲပြောဆိုခဲ့သည်။
    အကြောင်းအရာဖော်ပြမှုအတွက်သာမက အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပတို့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုပိုမိုရှိလာရေးတို့အတွက် မေးခွန်းများကိုဖြေဆိုရန် ကျွမ်းကျင်သူများကို ကုမ္ပဏီများက စေလွှတ်မည်ဖြစ်သောကြောင့် ဝမ်းမြောက်မိကြောင်း အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌ ဘော့ဂွတ်လတ်ကပြောဆိုခဲ့သည်။
    တွစ်တာနှင့် အဲဖာဘတ်တို့က တစ်စုံတရာပြောဆိုခြင်းမရှိခဲ့ချေ။ ဖေ့စ်ဘွတ်ခ်ကမူ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖေ့စ်ဘွတ်ခ်၏ ကမ္ဘာလုံးဆိုင်ရာမူဝါဒစီမံခန့်ခွဲရေးဌာနအကြီးအကဲ မော်နီကာဘစ်ကတ်၊ ယူကျု၏ ကမ္ဘာလုံးဆိုင်ရာပြည်သူ့ရေးရာနှင့် အစိုးရဆက်ဆံရေးဌာနအကြီးအကဲ ဂျူနီဖာဒေါင်းစ်နှင့် တွစ်တာ၏မဟာဗျူဟာမှူး နစ်ပစ်ကယ်လ်စ်တို့သည် ကြားနာစစ်ဆေးမှုကိုတက်ရောက်မည်ဖြစ်ကြောင်း ကော်မတီကထုတ်ပြန်ခဲ့သည်။
    ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန်ပါတီများမှ အမတ်များသည် လိမ်လည်မှု၊ မူပိုင်ခွင့်ချိုးဖောက်မှုနှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ဖယ်ရှားရန် သဘောတူညီခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍မူ သဘောကွဲလွဲနေဆဲဖြစ်သည်။ ကုမ္ပဏီများသည် ၎င်းတို့စာမျက်နှာများပေါ်၌ ဖော်ပြသည့် အကြောင်းအရာများကို တရားရေး၊ စီးပွားရေးနှင့် အယူအဆရေးရာများအရ စီမံခန့်ခွဲမှုရှိနိုင်သော်လည်း နိုင်ငံတစ်နိုင်ငံအနေဖြင့်မူ လွတ်လပ်ပြီး ပွင့်လင်းသည် လူ့အဖွဲ့အစည်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို ထိခိုက်ခြင်းရှိမရှိကိုမူ သုံးသပ်ခွင့်ရှိနေကြောင်း ဂွတ်လတ်ကပြောဆိုခဲ့သည်။
    ဧပြီတွင် ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုတွင် ဖေ့စ်ဘွတ်ခ်အမှုဆောင်အရာရှိ မာ့ခ်ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်သည် အတွေးအမြင်အားလုံးကိုဖော်ပြလို့ရသည့်နယ်ပယ်ဖြစ်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။