အမေရိကန်- ဗြိတိန်ကုန်သွယ်ရေးသဘောတူညီနိုင်ခြေမြင့်မားဟု သမ္မတထရမ့်ပြောင်းလဲပြောဆို၊ လန်ဒန်၌ ၄င်းကိုဆန္ဒပြသူများပြား

အမေရိကန်- ဗြိတိန်ကုန်သွယ်ရေးသဘောတူညီနိုင်ခြေမြင့်မားဟု သမ္မတထရမ့်ပြောင်းလဲပြောဆို၊ လန်ဒန်၌ ၄င်းကိုဆန္ဒပြသူများပြား

လန်ဒန်        ဇူလိုင် ၁၄
    လန်ဒန်၌ အကြီးအကျယ်ဆန့်ကျင်ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် ဗြိတိန်အကြား ကုန်သွယ်ရေးသဘောတူညီချက် ရရှိနိုင်ခြေ အလွန်မြင့်မားကြောင်း ပြောဆိုခြင်းဖြင့် ရှေ့နာရီအနည်းငယ်တွင် ပြောဆိုခဲ့မှုကို ပြောင်းလဲခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ ဘရက်ဇစ်အစီအမံသည် အမေရိကန် ဗြိတိန်ကုန်သွယ်ရေးကို ဖျက်ဆီးနိုင်ကြောင်း သည်ဆန်းသတင်းစာကို သမ္မတထရမ့်က ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် ဝင်ဆာရဲတိုက်တွင် ဘုရင်မ အဲလိဇဘက်(၂)နှင့် မတွေ့ဆုံမီ ထရီဆာမေနှင့် ကုန်သွယ်ရေးအစီအမံအကြောင်း ဆွေးနွေးရာတွင် ထရမ့်က အမေရိကန်ဗြိတိန်ဆက်ဆံရေးသည် အထူးအမြင့်မားဆုံးဖြစ်နေကြောင်း ပြောဆိုခဲ့သည်။
    ထရမ့်က ထရီဆာမေ၏အစီအမံသည် ဖြစ်နိုင်ချေမရှိဆိုသည့် အစီရင်ခံစာများ ဖတ်ရှုခဲ့ရကြောင်း၊ သို့သော် မေ၏ အကြံပေးများ၊ ကုန်သွယ်ရေးကျွမ်းကျင်သူများနှင့် တွေ့ဆုံပြောဆိုပြီးနောက်တွင် ၄င်းအစီအမံသည် အလွန့်အလွန် ဖြစ်နိုင်ချေ ရှိသည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး သည်ဆန်းသတင်းဖော်ပြချက်အတွက် မေကို တောင်းပန်ခဲ့သည်။ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထရမ့်သည် အမေရိကန်မှ စီအင်န်အင်န်၊ အင်န်ဘီစီနှင့် ဗြိတိန်မှ သည်ဆန်းသတင်းစာတို့ကို တိုက်ခိုက်ဝေဖန်ခဲ့သည်။
    နန်းတော်အပြင်ဘက်တွင် ထရမ့်၏မူဝါဒများကို မလိုလားသည့် လန်ဒန်သားသောင်းချီ ဆန္ဒပြလျက်ရှိရာ ထရမ့်ကို ကလေးဆန်ဆန် ပြောဆိုတတ်သည်ဟု ရည်ညွန်းသည့် ဘေဘီထရမ့်ပူဖေါင်းရုပ်ကြီးသည် ပါလီမန်ရင်ပြင်ပေါ် လွင့်မျောလျက်ရှိကြောင်း ဇူလိုင် ၁၂ နှင့် ၁၃ ရက်များတွင် တွေ့ရှိခဲ့ကြသည်။ စကော့တလန်သူမိခင်မှ မွေးဖွားခဲ့သူ ထရမ့်သည် လန်ဒန်ခရီးစဉ်အပြီး ဇူလိုင် ၁၃ ရက်ညနေပိုင်းတွင် စကော့တလန်သို့ အပန်းဖြေခရီးသွားရောက်ရာတွင်လည်း ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
    ထရမ့်သည် ဘရပ်ဆဲလ်တွင် နေတိုးထိပ်သီးစည်းဝေးပွဲတက်ရောက်ခဲ့ပြီးနောက် ဗြိတိန်သို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၁၆ ရက်၌ ဖင်လန်နိုင်ငံတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။