မက္ကဆီကိုစီးတီး ဇူလိုင် ၁၄
အမေရိကန်နယ်စပ်အဝင်တွင် မိဘများနှင့် ခွဲခွာခံခဲ့ရသည့်ကလေးများကို ၄င်းတို့မိဘများနှင့် အမြန်ဆုံး ပြန်လည်တွေ့ဆုံပေါင်းစည်းခွင့်ပြုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို မက္ကဆီကိုသမ္မတ ပီညာနီတိုးက တိုက်တွန်းလိုက်သည်။
မက္ကဆီကိုသို့အလည်အပတ်ရောက်ရှိလာသည့် ပွမ်ပီယိုနှင့်တွေ့ဆုံဆွေးနွေးရာတွင် သမ္မတပီညာနီတိုးက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးအဆင့်ဆွေးနွေးရန် မက္ကဆီကိုရောက်ရှိခဲ့သည့် ပွမ်ပီယိုသည် မက္ကဆီကိုသမ္မတ ပီညာနီတိုးနှင့် သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသူ အန်ဒရီးစ်မန်နျူရယ်လိုပက်ဇ် အော်ဘရာဒေါတို့နှင့် တွေ့ဆုံခဲ့သည်။ နယ်စပ်တံတိုင်းတည်ဆောက်မှုနှင့် အမေရိကန်၏ စီးပွားရေးနှင့်လူမှုရေးပြဿနာများတွင် မက္ကဆီကိုအား မကြာခဏ အပြစ်ဖို့မှုကြောင့် နှစ်နိုင်ငံဆက်ဆံမှုသည် သမ္မတထရမ့်လက်ထက်တွင် သိသိသာသာယိုယွင်းခဲ့သည်။
ပွမ်ပီယိုနှင့်အတူ သမ္မတထရမ့်၏သမက်၊ အိမ်ဖြူတော်အကြံပေး ဂျရက်ကူရှ်နာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်နှင့် အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စဂျန် နီအဲဆန်တို့လည်း လိုက်ပါခဲ့ကြသည်။
တွေ့ဆုံမှုများအတွင်း ရာဇဝတ်ဂိုဏ်းများနှင့်အဖွဲ့ဝင်များ လွှဲပြောင်းရေး၊ ကပ်ရောဂါပြန့်နှံ့မှုအရေးနှင့် ကုန်သွယ်ရေး တင်းမာမှုများအရေး ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။ မက္ကဆီကိုမြောက်ပိုင်းနယ်စပ်မှ အမေရိကန်သို့ တရားမဝင် ဖြတ်ကျော်မှုအရေးလည်း ပါဝင်ဖွယ်ရှိပြီး နယ်စပ်နှစ်ဘက်လုံခြုံရေးကို အလေးထားဆွေးနွေးမည်ဟု ပွမ်ပီယိုက ပြောဆိုခဲ့သည်။
လက်ဝဲဝါဒီ သမ္မတသစ် လိုပက်ဇ် အော်ဘရာဒေါကို ချီးကျူးရန်လည်း လာရောက်ခြင်းဖြစ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ကားတန်းကို မက္ကဆီကန်ထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြမှုလည်း ဖြစ်ပွားခဲ့သည်။ သမ္မတထရမ့်၏ လုံးဝသည်းမခံရေး လူဝင်မှုမူဝါဒကိုင်တွယ်ကျင့်သုံးမှုကြောင့် အမေရိကန်သို့ ခိုလှုံရန်ကြိုးပမ်းသူများ မိဘနှင့်ကလေးခွဲခြားထိန်းသိမ်းခံရမှုကို အဓိကဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။

















