နယူးယောက် ဇူလိုင် ၁၄
ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းအသိုက်အဝန်းက ပြင်းပြင်းထန်ထန်ဝေဖန်မှုကြောင့် အမေရိကန်အမျိုးသမီးသရုပ်ဆောင် စကားလက်ဂျိုဟန်ဆင်သည် လိင်ပြောင်းအမျိုးသားဇာတ်ဆောင်နေရာတွင်ပါဝင်သရုပ်ဆောင်ရမည့် ရုပ်ရှင်ရိုက်ကူးမှုမှ နုတ်ထွက်သွားပြီဖြစ်သည်။
ဂျိုဟန်ဆင်သည် ဂျင်းဂီးလ်အဖြစ် မွေးဖွားလာပြီး ၁၉၇၀ ပြည့်နှစ်များတွင် ပစ္စဘာ့၌ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်လုပ်ခဲ့သည့် ဒန်တေတက်စ်ဂီးလ်အဖြစ် Rub & Tug တွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် ယင်းဇာတ်ဆောင်နေရာကို လိင်ပြောင်းတစ်ဦးကသာ သရုပ်ဆောင်ခွင့်ရရှိသင့်ကြောင်း ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။
အယ်လ်ဂျီဘီတီအသိုက်အဝန်းမှ များစွာသင်ယူခဲ့ရကြောင်း ဂျိုဟန်ဆင်ကပြောဆိုခဲ့သည်။ ဒန်တေ၏ဇာတ်လမ်းနှင့် ဘဝအပြောင်းအလဲများကို ပုံဖော်လိုခဲ့သော်လည်း ၎င်း၏နေရာကို လိင်ပြောင်းတစ်ဦးကသာ သရုပ်ဆောင်ခွင့်ရရှိသင့်သည်ဆိုသည့် ပြောဆိုမှုများကို နားလည်ပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ဒန်တေနေရာတွင် ဂျိုဟန်ဆင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဟောလီးဝုဒ်တွင် လိင်ပြောင်းသရုပ်ဆောင်များအား အခွင့်အရေးများစွာမပေးကြောင်း ပြောဆိုမှုများရှိလာခဲ့သည်။ ယခုဖြစ်ရပ်သည် ဟောလီးဝုဒ်၌ ကိုယ်စားပြုသရုပ်ဆောင်မှုဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကြောင်း သရုပ်ဆောင် ထရေစီလိုင်ဆက်ကပြောဆိုခဲ့သည်။
အခြားသရုပ်ဆောင်များသည်လည်း လိင်ပြောင်းဇာတ်ဆောင်များနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြောင်း ဂျိုဟန်ဆင်က အစောပိုင်းတွင်ပြောဆိုခဲ့သည်။ ဂျိုဟန်ဆင်သည် ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ဆောင်နေရာများအတွက် ယခင်ကလည်း ဝေဖန်ခံခဲ့ရဖူးသည်။
ဂျပန်ရုပ်ပြဇာတ်လမ်း Ghost in the Shell ကို ဟောလီးဝုဒ်က ရုပ်ရှင်အဖြစ်အသက်သွင်းရာတွင် ဂျိုဟန်ဆင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်လမ်းထဲတွင် ဇာတ်ဆောင်တစ်ဦးကို အာရှသားတစ်ဦးအဖြစ် ရေးသားထားရာ ဂျိုဟန်ဆင် ပါဝင်သရုပ်ဆောင်ခြင်းသည် လူဖြူအဓိကဝါဒကိုဖော်ပြလိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

















