၂၀၁၆ အမေရိကန်ရွေးကောက်ပွဲစွက်ဖက်မှု ရုရှားထောက်လှမ်ရေး ၁၂ ဦးကို အမေရိကန်အမှုဖွင့်

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲစွက်ဖက်မှု ရုရှားထောက်လှမ်ရေး ၁၂ ဦးကို အမေရိကန်အမှုဖွင့်

ဝါရှင်တန် ဇူလိုင် ၁၄
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ဟီလာရီကလင်တန်၏မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဒီမိုကရက်တစ်ပါတီ၏ကွန်ပျူတာများကို ထိုးဖောက်တိုက်ခိုက်ခဲ့မှုဖြင့် ရုရှားထောက်လှမ်းရေးအရာရှိ ၁၂ ဦးတို့အား အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မြူလာဦးဆောင်သည့် အဖွဲ့က ဇူလိုင် ၁၃ ရက်တွင် အမှုဖွင့်လိုက်ပြီဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တွေ့ဆုံရန် ရက်ပိုင်းအလိုတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ အက်ဖ်ဘိီအိုင်အကြီးအကဲဟောင်းဖြစ်သည့် မြူလာဦးဆောင်သော အဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်ခြင်းရှိမရှိ၊ ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်များနှင့် ရုရှားပတ်သက်မှုရှိမရှိတို့ကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
    ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက ဇူလိုင် ၁၆ ရက်တွင် ပူတင်နှင့်တွေ့ဆုံရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သော်လည်း အိမ်ဖြူတော်ကမူ ထိပ်သီးအစည်းအဝေးကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စာမျက်နှာ ၂၉ မျက်နှာပါ အမှုဖွင့်မှုတွင် ဂျီအာရ်ယူဟု သိကြသည့် ရုရှားစစ်ထောက်လှမ်ရေးဌာနမှ အဖွဲ့ဝင်များ၏အမည်များကိုဖော်ပြထားသည်။ ရုရှားသည် ကလင်တန်၏မဲဆွယ်စည်းရေးနှင့် ဒီမိုကရက်တစ်ပါတီတို့၏ စာရွက်စာတမ်းများကို ခိုးယူပြီး အီးမေးလ်များကို ထိုးဖောက်ဖတ်ရှုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
    သို့သော် ရုရှား၏တိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲမဲရေတွက်မှုနှင့် ရွေးကောက်ပွဲရလဒ်များထိခိုက်ခြင်းမရှိခဲ့ကြောင်း ဒုတိယရှေ့နေချုပ် ရော့ဒ်ရိုဆန်စတိုင်းက ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသားများ ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်မဖော်ပြထားကြောင်း ၎င်းကပြောဆိုခဲ့သည်။
    ဇူလိုင် ၁၃ ရက် ထုတ်ပြန်ချက်မတိုင်မီတွင် အမှုဖွင့်မှုနှင့်ပတ်သက်၍ ထရမ့်ကို အသိပေးခဲ့ပြီး ထုတ်ပြန်ချက်သည် အချက်အလက်၊ အထောက်အထား၊ ဥပဒေနှင့် ကိုက်ညီနေကြောင်း ရိုဆန်စတိုင်းက ပြောဆိုခဲ့သည်။ ထရမ့်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်နှင့် တွေ့ဆုံနေချိန်တွင် မြူလာ၏အဖွဲ့က အမှုဖွင့်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    ရုရှားအစိုးရသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒီမိုကရေစီစနစ်နှင့် ဒီမိုကရက်တစ်အမျိုးသားကော်မတီ( ဒီအင်န်စီ) တို့ကို တိုက်ခိုက်ခဲ့ကြောင်း ဒီအင်န်စီဥက္ကဋ္ဌ တွမ်ပဲရက်ဇ်က ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီစနစ်ကျင့်သုံးနေသော နိုင်ငံများအပေါ် ရန်လိုနေခြင်းအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်ကို ပူတင်အား ထရမ့်က သတိပေးရန် အဆင်သင့်မဖြစ်သေးပါက ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းသင့်ကြောင်း ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုခဲ့သည်။
    ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်၍ ပူတင်ကို မေးမြန်းမည်ဖြစ်ကြောင်း ထရမ့်က ဗြိတိန်တွင်ပြောဆိုခဲ့သည်။