လာဟိုး ဇူလိုင် ၁၄
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အကြမ်းဖက်မှုများမကြာခဏဖြစ်ပွားနေသည့် ဘာလူချီစတန်ခရိုင်၌ ဇူလိုင် ၁၃ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ဒေသဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် နိုင်ငံရေးသမားတစ်ဦးအပါအဝင် လူ ၁၂၈ ဦးသေဆုံးခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်း၌ အခြားတိုက်ခိုက်မှုတစ်ခုကြောင့်လည်း လူလေးဦးသေဆုံးခဲ့သည်။ အကျင့်ပျက်ခြစားမှုများဖြင့် မျက်ကွယ်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ် လန်ဒန်မှ ပါကစ္စတန်သို့ ပြန်လာပြီးနောက် နာရီအနည်းငယ်အကြာတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှာရစ်ဖ်၏သမီးဖြစ်သူ မာယမ်သည်လည်း ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံရဖွယ်ရှိနေသည်။
မတ်စ်တန်းမြို့ တိုက်ခိုက်မှုတွင် ဘာလူချီစတန်အာဝါမီပါတီမှ ကိုယ်စားလှယ်လောင်း ဆီရက်ရိုင်ဆာနီနှင့် လူ ၁၂၇ ဦးတို့ သေဆုံးခဲ့သည်။ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားသည်။ ရိုင်ဆာနီသည် ဘာလူချီစတန်ဝန်ကြီးချုပ်ဟောင်း အာဆလမ်ရိုင်ဆာနီ၏ ညီဖြစ်သည်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အခြားလူ ၃၀ဝ ဦးခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း အိမ်စောင့်အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး အဂ္ဂါအူမာဘန်ဂါဇိုင်ကပြောဆိုခဲ့သည်။
ရှာရစ်ဖ်သည် ဇနီးဖြစ်သူ ဆေးကုသမှုခံယူနေသည့် လန်ဒန်မှ ပါကစ္စတန်သို့ ဇူလိုင် ၁၃ ရက်အနှောင်းပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းလိုက်ပါလာသည့် လေယာဉ်ဆိုက်ကပ်သည့် လာဟိုးမြို့၌ ရှာရစ်၏ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်ပါတီကိုထောက်ခံသူများသည် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။ အကျဉ်းထောင်သို့ ချက်ချင်းခေါ်ဆောင်ခံရမည်ကို သိသိကြီးနှင့် ပြည်တော်ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ရှာရစ်ဖ်က ပါကစ္စတန်သို့မထွက်ခွာမီတွင် ပြောဆိုခဲ့သည်။
ရှာရစ်ဖ်သည် နိုင်ငံရေးနယ်ပယ်သို့ တစ်သက်တာဝင်ရောက်ခွင့်ပိတ်ပင်ခံထားရပြီး ၎င်း၏ညီရှာဘက်ဇ်ရှာရစ်ဖ်သည် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်ပါတီကို ဦးဆောင်နေပြီး ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကိုပြုလုပ်နေသည်။ အကျဉ်းကျခံရမည်ကို ကြောက်လန့်ခြင်းမရှိဘဲ ၎င်း၏ပါတီကိုသာ မဲပေးကြရန် ရှာရစ်ဖ်က ထောက်ခံသူများကိုပြောဆိုခဲ့သည်။ ထို့ပြင် ရှာရစ်ဖ်သည် ပါကစ္စတန်နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်လေ့ရှိသည့် စစ်တပ်ကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။ စစ်တပ်သည် နိုင်ငံတော်အထက်ရှိ နိုင်ငံတော်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

















