တောဝက်ကလေးများ လာမည့်အပတ် ဆေးရုံမှဆင်းကာ အိမ်ပြန်ပြီး စိတ်ကြိုက်စားသောက်ချင်စိတ်ပြင်းပြနေ

တောဝက်ကလေးများ လာမည့်အပတ် ဆေးရုံမှဆင်းကာ အိမ်ပြန်ပြီး စိတ်ကြိုက်စားသောက်ချင်စိတ်ပြင်းပြနေ

ချင်းရိုင်        ဇူလိုင် ၁၄
    ထိုင်းမြောက်ပိုင်းရှိ ရေလွှမ်းမိုးသည့်ဂူတစ်ခုအတွင်း ပိတ်မိနေရာမှ ကယ်ဆယ်ခံခဲ့သော တောဝက်ဘောလုံးအသင်း အမည်ရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ နည်းပြသည် ဆေးရုံပေါ်တွင် နာလန်ပြန်ထူလာပြီးနောက် လာမည့်အပတ်၌ အိမ်ပြန်ကာ ၄င်းတို့အကြိုက် အစားအသောက်များကို စားသောက်ချင်စိတ် ပြင်းပြလျက်ရှိသည်။

၄င်းတို့ မျက်နှာအုပ်များဝတ်ဆင်ပြီး ကုတင်ပေါ်ထိုင်လျက် နှုတ်ဆက်နေပုံ ဗွီဒီယိုမှတ်တမ်းကို ဇူလိုင် ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည်။ ယင်းဗွီဒီယိုကို ဇူလိုင် ၁၃ ရက်က ရိုက်ယူခဲ့ပြီး ယင်းနေ့သည် မျက်နှာဖုံးများ နောက်ဆုံး တပ်ဆင်ရသည့်နေ့ဖြစ်ဖွယ်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
    ၄င်းတို့ ၁၃ ဦးသည် ဇူလိုင် ၂၀ ရက်၌ ဆေးရုံဆင်းနိုင်ရန် မျှော်လင့်ရကြောင်း ချင်းရိုင်ဆေးရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဒေါက်တာ ပီယာဆာကိုလ် ဆကိုလ်ဆတယာတွန်က ပြောဆိုသည်။ အသက် ၁၁ နှစ်မှ၁၆ နှစ်အတွင်းရှိ ကျောင်းသားငယ် ၁၂ ဦးနှင့် ၂၅ နှစ်ရွယ် ဘောလုံးနည်းပြတို့သည် ဇွန် ၂၃ ရက်၌ ထမ့်လွမ်ဂူတွင်း ဝင်ရောက်ရာမှ ရေလွွှမ်းမိုး၍ အတွင်းသို့တိုးဝင်ရင်း ပိတ်မိပျောက်ဆုံးနေခဲ့သည်ကို ထိုင်းရေတပ်နှင့် နိုင်ငံတကာကယ်ဆယ်ရေးသမားများက ဇူလိုင် ၂ ရက်၌ တွေ့ရှိခဲ့သည်။
    ယင်းနောက် ၄င်းတို့ကို ဇူလိုင် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် အသီးသီးကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတင် ကုသခဲ့ရသည်။ ၁၃ ဦးစလုံး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကြောင်း၊ စတင်ကယ်ထုတ်ပြီးရက်များတွင် အချို့၌ အဆုတ်ရောင်မှုအနည်းငယ် ရှိခဲ့သော်လည်း ယခုပျောက်ကင်းပြီဖြစ်ကြောင်း၊ စိတ်ပိုင်းကျန်းမာရေးလည်း သန်စွမ်းနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုသည်။
    ဗွီဒီယိုမှတ်တမ်းတွင် တောဝက်လေးများက ထိုင်းယဉ်ကျေးမှုအစဉ်အလာအရ လက်အုပ်ချီ၍လည်းကောင်း၊ အောင်မြင်မှုအထိမ်းအမှတ် ဗွီပုံသဏ္ဍာန်လက်ချောင်းထောင်၍လည်းကောင်း နှုတ်ဆက်ခဲ့ကြပြီး ကယ်ဆယ်သူ အားပေးသူများကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။
    တောဝက်အသင်းဝင်တစ်ဦးဖြစ်ပြီး နိုင်ငံမဲ့ကလေးငယ်တစ်ဦးဖြစ်သည့် ၁၄ နှစ်ရွယ် အဒေါဆာမွန်က ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ၄င်းကိုယ်၄င်းမိတ်ဆက်ကာ အားလုံးကို အလွန်ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းသည် မြန်မာဘက်ခြမ်းမှမိဘများက ကျောင်းထားရန် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းသို့ပို့ဆောင်ထားသူဖြစ်ကြောင်း အေပီက ဖော်ပြခဲ့သည်။
    ဇူလိုင် ၂ ရက်တွင် ဗြိတိသျှရေငုပ်သမားနှစ်ဦးက ၄င်းတို့ ၁၃ ဦးကို စတင်တွေ့ရှိခဲ့စဉ်က ၄င်းတို့အနက် တစ်ဦးတည်းသော အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုနိုင်သူ အဒေါဆာမွန်သည် ပိုမိုလူသိများပြားသည်။ ဂူတွင်းပိတ်မိ၍ သုံးညလွန်မြောက်ခဲ့ချိန်တွင် အလွန်ဆာလောင်လာသော ကျောင်းသားငယ်များကို နည်းပြ အီကာပို အကီ ချန်တာဝေါင်က ဆာလောင်မှုသက်သာရန်နှင့် စွမ်းအင်ချွေတာရန် တရားထိုင်စေခဲ့သည်ဟုလည်း သိရသည်။ ချန်တာဝေါင်သည် ဆယ်စုနှစ်တစ်ခုနီးပါး ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါးအဖြစ် နေထိုင်ခဲ့သူဖြစ်သည်။
    တောဝက်လေးများသည် အပြည့်အဝနာလန်ထူရန် အချိန်ယူရဦးမည်ဖြစ်ပြီး စိတ်ဖိစီးမှုမှရှောင်ရှားရန် လာမည့်လအထိ မီဒီယာများကို ရှောင်ကွင်းပြီး မိသားစု၊ မိတ်ဆွေများနှင့်သာ နေထိုင်ရန်လိုအပ်ကြောင်း ချင်းရိုင်ဆေးရုံက ထုတ်ပြန်ခဲ့သည်။