ခရီးသည်တင် အာကာသယာဉ်များ တစ်နှစ်အတွင်း စတင်ပျံသန်းနိုင်ခြေရှိ

ခရီးသည်တင် အာကာသယာဉ်များ တစ်နှစ်အတွင်း စတင်ပျံသန်းနိုင်ခြေရှိ

အာကာသအတွင်းသို့ အပျော်သဘောလေ့လာရေးအဖြစ် သွားရောက်လိုသော အရပ်သား ခရီးသည်များကိုပို့ဆောင်ပေးမည့် အာကာသယာဉ်ပျံဝန်ဆောင်မှုများစတင်နိုင်ရန် လပိုင်းခန့် သာလိုတော့ကြောင်း ထိပ်တန်းအာကာသခရီးသွားကုမ္ပဏီနှစ်ခုက ထုတ်ပြန်ပြောကြားသည်။ ၂၀၁၉ ခုနှစ်တွင် စတင်ကာပျံသန်းနိုင်မည့်အလားအလာဖြစ်သည်။

သမိုင်းတင်နိုင်ရေး

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရစ်ချတ်ဘရန်ဆန် ထူထောင်ထားသည့် Virgin Galactic ကုမ္ပဏီနှင့် အမေဇုန်အွန်လိုင်းအရောင်းလုပ်ငန်းရှင် ဂျက်ဖ်ဘီးဇော့ ထူထောင်ထားသည့် Blue Origin ကုမ္ပဏီတို့သည် သာမန်အရပ်သားခရီးသွားများကို အာကာသခရီးပို့ဆောင် ပေးသည့် ပထမဆုံးကုမ္ပဏီအဖြစ် သမိုင်းတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ မည်သည့်အချိန် တွင် ခရီးစဉ်စတင်နိုင်မည်ကို မူကုမ္ပဏီနှစ်ခုလုံးက အတည်ပြုထုတ်ပြန်ခြင်းမရှိသေး။

တက်ရောက်ခွင့်ရမည်

Virgin Galactic သည် ခရီးသည်တစ်ယောက်လျှင် ဒေါ်လာနှစ်သိန်းခွဲနှုန်းဖြင့် ပို့ဆောင် ပေးမည်ဖြစ်သည်။ Blue Origin ကမူ ဈေးနှုန်းထုတ်ပြန်ခြင်း မရှိသေးပေ။ အာကာသခရီးသွား များအနေဖြင့် ကမ္ဘာကို တစ်ပတ်ပတ်ခွင့်ကားရမည်မဟုတ်။ မြေပြင်မှ မိုင် ၅၀ သို့မဟုတ် ၆၀ ခန့်အမြင့်အထိသာ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ထိုနေရာသည် မြေဆွဲအား သုညမှတ်ကို ခံစားနိုင်မည်ဖြစ်ကာ ကမ္ဘာ့မျက်နှာပြင်ကို အခုံးအနေအထားဖြင့် မြင်ရမည်ဖြစ်ပြီး အာကာသ အရသာကို ခံစားနိုင်ကြမည်ဖြစ်သည်။ ထိုအနေအထားဖြင့် မိနစ်အနည်းငယ်ခန့်နေပြီးလျှင် မြေပြင်ကို ပြန်လည်ဆင်းသက်မည်ဖြစ်သည်။ Virgin Galactic သည် ယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်ခြောက်ဦးတို့ကို SpaceShipTwo VSS Unity အာကာသယာဉ်ပျံပေါ်တင်ကာ WhiteKnightTwo ဒုံးပျံဖြင့် မောင်းနှင်ပျံသန်းမည်ဖြစ်သည်။