စကော့တလန်ရှိ ထရမ့်ပိုင် ဂေါက်ကွင်းအပန်းဖြေအိမ်ပေါ် ဖြတ်ပျံဆန္ဒပြသူ လေထီးတပ်စက်မဲ့ယာဉ်စီးသူကို ရှာဖွေနေ

စကော့တလန်ရှိ ထရမ့်ပိုင် ဂေါက်ကွင်းအပန်းဖြေအိမ်ပေါ် ဖြတ်ပျံဆန္ဒပြသူ လေထီးတပ်စက်မဲ့ယာဉ်စီးသူကို ရှာဖွေနေ

လန်ဒန်        ဇူလိုင် ၁၄
    စကော့တလန်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ပိုင်ဆိုင်သည့် ဂေါက်ကွင်းအပန်းဖြေအိမ်၌ ထရမ့်ရောက်ရှိနေစဉ် အိမ်အပေါ်ဝေဟင်မှ ဖြတ်ပျံပြီး ဆန္ဒပြခဲ့သည့် ဂရင်းန်ပိစ်အဖွဲ့မှ လေထီးတပ် စက်မဲ့ယာဉ်မောင်းနှင်သူကို စကော့တလန် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိသည်။

ထရမ့်ပိုင် တန်ဘယ်ရီပေါ် ဖြတ်၍ပျံသန်းခြင်းသည် မပျံသန်းရဇုန်ကို ချိုးဖောက်ပျံသန်းခြင်းဖြင့် ယင်းဆန္ဒပြသူသည် ရာဇဝတ်မကင်းသည့် အပြုအမူကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အင်စပက်တာ စတီဖန် မက်ကောလပ်ချ်က ပြောဆိုခဲ့သည်။ ဂရင်းပိစ်အဖွဲ့က ဇူလိုင် ၁၃ ရက်ည၌ ဆန္ဒပြသူသည် စက်မဲ့ယာဉ်စီးနင်းလျက် Trump: Well Below Par (ထရမ့်၊ ထင်တာထက် ဆိုးရွားသည်) ဟူသည့် စာတန်းကို ချိတ်ဆွဲဆန္ဒပြခဲ့ကြောင်း၊ သမ္မတထရမ့်၏  ပတ်ဝန်းကျင်ရေးရာနှင့် လူဝင်မှု မူဝါဒများကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ယင်းစတန့်ထွင် ဆန္ဒပြမည့် စက်မဲ့ယာဉ်ရောက်ရှိမလာမီ ၁၀ မိနစ်အလိုတွင် ရဲတပ်ဖွဲ့ထံ ဂရင်းပိစ်အဖွဲ့က ကြိုတင် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ဇူလိုင် ၁၄ ရက်တွင် စကော့တလန်၌ လူထောင်ပေါင်းများစွာ စုဝေး၍ သမ္မတထရမ့်အား  ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရသည်။