ပို့အော်ပရင့် ဇူလိုင် ၁၅
ဟေတီနိုင်ငံတွင် လောင်စာဆီဈေးတက်မှုနှင့် ပတ်သက်ပြီးအများပြည်သူ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ကြုံခဲ့ရပြီးနောက် ဝန်ကြီးချုပ် ဂျက် ဝိုင် လာဖွန်တန်သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
၎င်း၏ နုတ်ထွက်စာကိုသမ္မတ ဂျိုဗာနယ် မွိုင်ဆီကလည်းလက်ခံလိုက်ပြီဖြစ်ကြောင်း မြို့တော် ပို့အော်ပရင့်တွင် အောက်လွှတ်တော်၌ ဝန်ကြီးချုပ် လာဖွန်တန်ကပြောသည်။ အများပြည်သူ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားစဉ်ကာလအတွင်း ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းရန် အတိုက်အခံများကလည်း ကြိုးပမ်းခဲ့သည်။ ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဆိုင်များ၊ အဆောက်အဦများလည်း ပျက်စီးခဲ့ပြီးလူလေးဦးထက်မနည်း သေဆုံးခဲ့သည်။ နိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းများ သက်သာစေရန် အစိုးရက ကြားခံစိုက်ထုတ်ပေးထားမှုများကို ရုပ်သိမ်းရန် အဆိုပြုချက်ကို အစိုးရကလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက်တွင် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပြုချက်အရ ဓာတ်ဆီဈေး ၃၈ ရာခိုင်နှုန်း၊ ဒီဇယ်ဈေး ၄၇ ရာခိုင်နှုန်း၊ ရေနံဆီဈေး ၅၁ ရာခိုင်နှုန်း တက်သွားမည်ဖြစ်သည်။
အများပြည်သူကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သဖြင့် အဆိုပြုချက်ကို အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့သည်။ နိုင်ငံစီးပွားတိုးတက်ရေး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ကူညီရန် ဟေတီနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ လောင်စာဆီဈေးများသက်သာစေရန် အစိုးရက ကြားခံစိုက်ထုတ်ပေးထားသောစနစ်ကို ရပ်ဆိုင်းလိုက်မည်ဆိုပါက ငွေပိုငွေလျှံများထွက်လာကာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ် ဖန်တီးရေးကဏ္ဍများတွင် ပိုမိုသုံးစွဲနိုင်လာမည်ဟု အိုင်အမ်အက်ဖ်က အကြံပြုခဲ့သည်။
၂၀၁၅ ခုနှစ်ကလည်း ဟေတီတွင် အလားတူပင် လောင်စာဆီဈေးနှုန်းလျှော့ချပေးရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

















