ဟာဗားနား ဇူလိုင် ၁၅
ကျူးဘားက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက်ရှိရာတွင် ပုဂ္ဂလိက အိမ်ခြံမြေပိုင်ဆိုင်မှုများကိုလည်း ခွင့်ပြုပေးသွားရန်ရှိကြောင်း နိုင်ငံပိုင်မီဒီယာဖော်ပြချက်အရ သိရသည်။
၁၉၅၉ ခုနှစ်တွင် ဖီဒယ် ကတ်စထရို အာဏာရလာပြီးနောက်ပိုင်း အိမ်ခြံမြေရောင်းဝယ်မှုများကို ပိတ်ပင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မှ ဥပဒေပြောင်းလဲလာကာ ပြန်လည်ခွင့်ပြုပေးခဲ့သည်။ ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်နေသော ကျူးဘားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နေသော်လည်း ဗဟိုစီမံကွပ်ကဲမှုနှင့် နိုင်ငံပိုင် လုပ်ငန်းများကသာ စီးပွားပင်မဒေါက်တိုင်ဖြစ်သည်ဟူသော မူဝါဒကိုကား ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ ပုဂ္ဂလိကအိမ်ခြံမြေရောင်းဝယ်မှုခွင့်ပြုမည့် ဥပဒေပြင်ဆင်ချက်ကို လာမည့်သီတင်းပတ် လွှတ်တော်တွင် မဲခွဲအတည်ပြုရန်ရှိကြောင်း သိရသည်။ ဖွဲ့စည်းပုံပြင်ဆင်ချက်မူကြမ်းကို နှစ်ကုန်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုရန်လည်း စီစဉ်ထားသည်။ ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်မည်ဆိုပါက ၁၉၇၈ ခုနှစ် ကွန်မြူနစ်ပါတီ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနေရာတွင် အစားထိုးမည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကွန်မြူနစ်ပါတီကို ကျူးဘား၏ အဓိကပါတီအဖြစ် ဆက်လက် သတ်မှတ်ထားသည်။ သို့သော် သမ္မတသက်တမ်းကို ကန့်သတ်ထားပြီး ငါးနှစ်သက်တမ်း နှစ်ကြိမ်ဆက်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိချေ။ အုပ်ချုပ်ရေးအာဏာကိုလည်း သမ္မတနှင့် ဝန်ကြီးချုပ်အကြားတွင် ဝေပုံချထားသည်။
လိင်၊ လူမျိုးစုနှင့် အခြားသော တစ်ပန်းနိမ့်သောအခြေအနေများပေါ် မူတည်ပြီး ပြည်သူချင်းချင်း ခွဲခြားဆက်ဆံခြင်းကိုလည်း ဖွဲ့စည်းပုံကခွင့်မပြုချေ။ ကျူးဘားသည် နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်ရန် ၂၀၁၀ ပြည့် နှစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်ခဲ့သည်။

















