စင်ပေါ်တက်ပြီး အမျိုးသားအဆိုတော်ကို ပွေ့ဖက်သည့်ဆော်ဒီအမျိုးသမီးဖမ်းဆီးခံရ

စင်ပေါ်တက်ပြီး အမျိုးသားအဆိုတော်ကို ပွေ့ဖက်သည့်ဆော်ဒီအမျိုးသမီးဖမ်းဆီးခံရ

ရီယာ့ဒ်     ဇူလိုင် ၁၅ 
    ဆော်ဒီအာရေဗျနိုင်ငံတွင် ဂီတဖျော်ဖြေပွဲတစ်ပွဲ၌ စင်ပေါ်တက်ကာ အမျိုးသားအဆိုတော်ကို ပွေ့ဖက်ခဲ့သော အမျိုးသမီးတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သိရသည်။ 

နာမည်ကျော် အဆိုတော်  မာဂျစ်အယ်လ်-မိုဟန်ဒစ်သည် နိုင်ငံအနောက်ပိုင်း တိုင်ဖ်မြို့တွင် ဖျော်ဖြေနေစဉ် အမျိုးသမီးပရိသတ်တစ်ဦးက စင်ပေါ်တက်ကာ ပွေ့ဖက်ခဲ့ခြင်း ဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ် တက်လာသောပုံများအရ အမျိုးသမီးက မစ္စတာမိုဟန်ဒစ်ကို ပွေ့ဖက်ထားစဉ် လုံခြုံရေးတာဝန်ရှိသူများက အမျိုးသမီးကို အတင်းဆွဲခေါ်သွားကြကြောင်း တွေ့ရသည်။ 
    ဆော်ဒီတွင် အမျိုးသမီးများသည် ဆွေမျိုးမတော်စပ်သော အမျိုးသားများနှင့် ပတ်သက်ခြင်းကို တားမြစ်ထားသည်။ အီရတ်ဇာတိဖြစ်ပြီး ဆော်ဒီနိုင်ငံသားခံယူထားသော မစ္စတာမိုဟန်ဒစ်သည် ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပခဲ့သည်။ 
    ဖျော်ဖြေပွဲတွင် နှောင့်ယှက်မှုဖြင့် အမျိုးသမီးကို အစိုးရရှေ့နေများက အမှုဖွင့်ထားကြောင်း သိရသည်။ ဆော်ဒီနိုင်ငံသည် စာရိတ္တပိုင်းဆိုင်ရာဥပဒေများ ရှေးရိုးစွဲတင်းကျပ်ထားသော နိုင်ငံဖြစ်သည်။ အရက်သေစာ တားမြစ်ထားသလို၊ အဝတ်အစား လျှပ်ပေါ်လော်လီခြင်းလည်း တားမြစ်ထားပြီး၊ ကျားမရောနှောခွင့်များကိုလည်း ကန့်သတ်ထားသည်။ 
    ပြီးခဲ့သည့် နှစ်ပိုင်းတွင်မှ အိမ်ရှေ့မင်းသားမိုဟမ္မဒ် ဘင် ဆယ်လ်မန် ဦးဆောင်ကာ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ပြီး ဆော်ဒီအမျိုးသမီးများ အများပြည်သူဆိုင်ရာပွဲလမ်းသဘင်များသို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ 
    ဆော်ဒီ ၂၀၃၀ ပြည့်နှစ်ရည်မှန်းချက်ကို ချမှတ်ဖော်ဆောင်လျက်ရှိပြီး နိုင်ငံ့စီးပွားရေးကို ရေနံအပေါ် မှီခိုနေရခြင်းလျှော့ချကာ ဝန်ဆောင်မှုနှင့် ကုန်သွယ်လုပ်ငန်းများပေါ် အခြေခံရန်လည်း စီစဉ်ထားသည်။ လက်ရှိတွင် ဆော်ဒီအိမ်ထောင်စုများသည် ဝင်ငွေ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းကိုသာ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးကိစ္စများအတွက် အသုံးပြုနေခြင်းကိုလည်း ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ ၆ ရာခိုင်နှုန်းသို့ မြှင့်တင်ရန် ရည်မှန်းထားသည်။