အမေရိကန်ပြည်သူများသွေးကွဲရန် လူမှုကွန်ရက်ကို ရုရှားအသုံးချကြောင်း အမေရိကန်လုံခြုံရေးဝန်ကြီးဆို

အမေရိကန်ပြည်သူများသွေးကွဲရန် လူမှုကွန်ရက်ကို ရုရှားအသုံးချကြောင်း အမေရိကန်လုံခြုံရေးဝန်ကြီးဆို

ဖီလာဒဲဖီးယား        ဇူလိုင် ၁၅
    အမေရိကန်ပြည်သူများသွေးကွဲရန် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလက လူမှုကွန်ရက်ကို ရုရှားတို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပြီး ယခုနှစ်သက်တမ်းဝက်ရွေးကောက်ပွဲများတွင်မူ ယင်းသို့ပစ်မှတ်ထားအသုံးချသည့် လက္ခဏာ မတွေ့ရကြောင်း  အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စဂျင်နီလ်ဆန်က ပြောဆိုလိုက်သည်။

၄င်း၏ဝန်ကြီးဌာနသည် ပြည်နယ်နှင့် ဒေသဆိုင်ရာရွေးကောက်ပွဲတာဝန်ရှိသူများကို ရုရှား သို့မဟုတ် အခြားတစ်နေရာရာမှ ဆိုင်ဘာတိုက်ခိုက်မှုများမှ ကာကွယ်ရန် ကူညီမည်ဖြစ်ကြောင်း နီလ်ဆန်က ပြောဆိုသည်။ လူမှုကွန်ရက်များကိုအသုံးပြု၍ အမေရိကန်ပြည်သူများအကြား နိုင်ငံရေးအရ သိသိသာသာကွဲပြားအောင် ရုရှား၏ အားထုတ်မှုများကို ထောက်လှမ်းရေးအေဂျင်စီများက ရှာဖွေရမည်ဖြစ်ကြောင်း ပြည်နယ်အဆင့်မြင့်အရာရှိများ၏ ညီလာခံတစ်ရပ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ကာလကြာရှည်စောင့်စားခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ပထမဆုံးတွေ့ဆုံရန် အချိန်မတိုင်မီလေးတွင် အမေရိကန်ဝန်ကြီးက ရုရှားအပေါ် ထပ်မံစွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။ ဇူလိုင် ၁၃ ရက်ကလည်း ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဒီမိုကရက်တစ်ပါတီ၏ကွန်ပျူတာများကို ထိုးဖောက်တိုက်ခိုက်ခဲ့မှုဖြင့် ရုရှားထောက်လှမ်းရေးအရာရှိ ၁၂ ဦးတို့အား အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မြူလာဦးဆောင်သည့် အဖွဲ့က အမှုဖွင့်ခဲ့ပြီး ဖြစ်သည်။
    သမ္မတထရမ့်ကမူ ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုအပေါ် မည်သည့်အခါကမျှ ပြစ်တင်ဝေဖန်ခဲ့ခြင်း မရှိသော်လည်း သမ္မတပူတင်နှင့်တွေ့ဆုံသည့်အခါ ယင်းကိစ္စပြောဆိုမည်ဖြစ်ကြောင်း၊ သို့သော် ပူတင်က ငြင်းဆိုဖွယ်ရှိကြောင်း ပြောဆိုထားသည်။
    အမိမြေလုံခြုံရေးဝန်ကြီးဌာနသည် သတင်းအချက်အလက်များ ပိုမိုမျှဝေပေးလာလိမ့်မည်ဖြစ်ကြောင်း ပြည်နယ်အရာရှိအချို့က ပြောဆိုခဲ့သည်။