ဂျေရုဆလင် ဇူလိုင် ၁၅
ဂါဇာဒေသမှ ဟားမတ်စ်စစ်သွေးကြွများက ဒုံးကျည်အစင်း ၉၀ ကျော်ဖြင့် အစ္စရေးနိုင်ငံတွင်း ပစ်ခတ်ခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်၌ အစ္စရေးတို့က ၂၀၁၄ စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြင့် တုံ့ပြန်စစ်ဆင်ခဲ့သည်။
ဒုံးကျည်များပေါက်ကွဲမှုကြောင့် အစ္စရေးသုံးဦးဒဏ်ရာရရှိခဲ့ပြီး ဂါဇာတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဆယ်ကျော်သက်နှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးက စစ်သွေးကြွများကိုသာ ပစ်မှတ်ထားကြောင်း၊ ဂါဇာအရပ်သားများကို ပစ်မှတ်မှဝေးရာရှောင်ရန် သတိပေးထားကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၄ နောက်ပိုင်း လေကြောင်းမှ အပြင်းထန်ဆုံး စစ်ဆင်ခဲ့ကြောင်း၊ လိုအပ်သလို ဆက်လက်တိုးမြှင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟုက ပြောဆိုခဲ့သည်။
ဇူလိုင် ၁၄ ရက်နှောင်းပိုင်းတွင် အီဂျစ်၏ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲရန်သဘောတူကြောင်း ဟားမတ်စ်နှင့် အစ္စလာမ္မစ်ဂျီဟတ်စစ်သွေးကြွများက ကြေညာခဲ့သည်။ သို့သော် ဇူလိုင် ၁၅ ရက် နံနက်စောစော၌ အစ္စရေးတောင်ပိုင်းတွင် အချက်ပေးသံများ ပေါ်ထွက်လာပြီး ဒုံးကျည်များကျရောက်ပေါက်ကွဲခဲ့သည်။
အစ္စရေးတို့က သုံးရက်မြောက်အဖြစ် တူးမြောင်းများ၊ ထောက်ပံ့ရေးဌာနများနှင့် ဟားမတ်စ်တပ်ရင်းဌာနချုပ်များ အပါအဝင် ဟားမတ်စ်ပစ်မှတ် ၄၀ ကို တိုက်ခိုက်ခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး ယောနသန် ကွန်ရီကပ်စ်က ပြောဆိုခဲ့သည်။
လွန်ခဲ့သည့်လများအတွင်း ဂါဇာနယ်စပ်တစ်လျှောက်တွင် ထောင်ချီသောပါလက်စတိုင်းများက အစ္စရေးနှင့်အီဂျစ်တို့ ပိတ်ဆို့ထားသည့် ပါလက်စတိုင်းဒုက္ခသည်များ၏ဇာတိသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရေး တောင်းဆိုခဲ့ကြရာမှ တင်းမာမှုများ မြင့်တက်ခဲ့သည်။ စစ်သွေးကြွများ မဝင်ရောက်နိုင်ရန် ပိတ်ဆို့မှုလိုအပ်ကြောင်း အစ္စရေးနှင့်အီဂျစ်တို့က အကြောင်းပြခဲ့ကြသည်။
ဆန္ဒပြမှုများကို အစ္စရေးလုံခြုံရေးတပ်များက ပစ်ခတ်နှိမ်နင်းခဲ့၍ ပါလက်စတိုင်း ၁၃၀ ကျော်သေဆုံးပြီ ၁၅၀ဝ၀ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာနာက ထုတ်ပြန်ထားသည်။

















