ဟယ်စင်ကီ ဇူလိုင် ၁၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့၏ထိပ်သီးတွေ့ဆုံပွဲအတွက် ဖင်လန်ရှိ ဘီယာထုတ်လုပ်ရေးလုပ်ငန်းသည် အထိမ်းအမှတ်ဘီယာတံဆိပ်တစ်ခုကို အရေအတွက်ကန့်သတ်ထုတ်လုပ်ခဲ့သည်။
ပုလင်းပေါ်တွင် အမေရိကန်နှင့် ရုရှားသမ္မတများ၏ရုပ်ပြောင်များကို ရိုက်နှိပ်ထားသော ဘီယာများကို အာရ်ပီအက်စ်က ထုတ်လုပ်ခဲ့သည်။ ပုလင်းပေါ်တွင် ရုပ်ပုံများကိုသာမက လူကြီးတွေလို ဒီကိစ္စကိုဖြေရှင်းရအောင်၊ ဘီယာကို ပိုမိုကြီးကျယ်အောင် ထပ်လုပ်လိုက်ရအောင် ဟု ရေးသားထားသည့် စာများကို ပုံနှိပ်ဖော်ပြခဲ့သည်။
အဆိုပါဘီယာပုလင်းများကို ဖင်လန်နိုင်ငံတစ်ဝန်း ဖြန့်ချိခဲ့ရာ ကန့်သတ်ထုတ်လုပ်သော ဘီယာပုလင်း ၁၀ဝ၀ဝ လုံးကို ရောင်းချခဲ့ရပြီးဖြစ်သည်။ ထရမ့်နှင့် ပူတင်တို့သည် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။ ဘီယာနမူနာများကို ဟယ်စင်ကီရှိ အမေရိကန်နှင့် ရုရှားသံရုံးတို့သို့ ပို့ဆောင်ခဲ့သည်။
ဘီယာကောင်းကောင်းလေးသောက်ရင်း ဆွေးနွေးပါက အောင်မြင်မှုရရှိတတ်ကြောင်း ဘီယာလုပ်ငန်း၏အမှုဆောင်အရာရှိ ဆာမူလီဟူတာနန်က အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။ ဘီယာသောက်ပြီးနောက် ဖင်လန်ရှိ ချွေးထုတ်ခန်းသို့လည်း သွားသင့်သေးကြောင်း ၎င်းကပြောဆိုခဲ့သည်။
အာရ်ပီအက်စ်ဘီယာလုပ်ငန်းသည် နိုင်ငံအရှေ့ပိုင်း မြောက်ဆာဗိုနီးယားရှိ ကူယိုပီယိုမြို့တွင် အခြေစိုက်ထားသည့် လုပ်ငန်းဖြစ်သည်။ ဘီယာပုလင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထားသော သမ္မတနှစ်ဦးက လက်သီးများကို မြှောက်ထားပုံကို မြင်တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးတွင် တစ်ခန်းတစ်ကဏ္ဍမှပါဝင်လိုသောကြောင့် အဆိုပါဘီယာများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဟူတာနန်ကပြောဆိုခဲ့သည်။
ထရမ့်သည် အရက်သေစာသောက်စားသူမဟုတ်ဘဲ ပူတင်သည်လည်း တာဝန်ဖြင့်ခရီးသွားပါက အရက်သေစာကို အကန့်အသတ်ဖြင့်သာ သောက်သုံးသူဖြစ်သည်။ သမ္မတနှစ်ဦးသည် အာရ်ပီအက်စ်၏ဖောက်သည်များမဖြစ်နိုင်သော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးတွင် ဘီယာပါဝင်ခဲ့သည်ဆိုသည့်အချက်ဖြင့် ဘီယာကို လူများပိုမိုနှစ်သက်လာမည်ဟု မျှော်လင့်ပါကြောင်း ဟူတာနန်က ဆက်လက်ပြောဆိုခဲ့သည်။

















