ဂျိုဟန်နစ္စဘာ့ ဇူလိုင် ၁၅
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘာ့၌ ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်မည့် နယ်လ်ဆင်မင်ဒဲလား နှစ် ၁၀ဝ ပြည့်အခမ်းအနားတွင် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား မိန့်ခွန်းပြောဆိုခြင်းဖြင့် ဦးဆောင်ပါဝင်မည်ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် မင်ဒဲလားသည် လူနည်းစုဝင် လူဖြူများကြီးစိုးမှုကိုဆန့်ကျင်မှုအတွက် ကမ္ဘာလုံးဆိ်ုင်ရာသင်္ကေတဖြစ်နေဆဲဖြစ်သည်။ မင်ဒဲလားသည် လူဖြူကြီးစိုးသော အစိုးရ၏ ၂၇ နှစ်ကြာ ထောင်ဒဏ်ချမှတ်ခြင်းကိုခံခဲ့ရသော်လည်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပြီး သမ္မတဖြစ်လာချိန်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကိုသာ ဦးစားပေးခဲ့သည်။
မင်ဒဲလား၏မွေးနေ့ဖြစ်သည့် ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာတစ်ဝန်း အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိခဲ့သည်။ ယခုနှစ်တွင် မင်ဒဲလား လှုပ်ရှားလုပ်ဆောင်ခဲ့သလိုမျိုး အပြောင်းအလဲများဖော်ဆောင်ကြရန် နယ်လ်ဆင်မင်ဒဲလားဖောင်ဒေးရှင်းက တိုက်တွန်းပြောဆိုခဲ့သည်။
ဇူလိုင် ၁၇ ရက်တွင် ဂျိုဟန်နစ္စဘာ့၌ အိုဘားမားသည် မိန့်ခွန်းပြောဆိုမည်ဖြစ်ပြီး ယင်းမိန့်ခွန်းသည် အိမ်ဖြူတော်မှထွက်ခွာခဲ့သည့် ၂၀၁၇ ခုနှစ်စ၍ အရေးအပါဆုံး မိန့်ခွန်းဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း မင်ဒဲလား၏အမွေအနှစ်ကို ဆန့်ကျင်မှုများရှိနေချိန်တွင် အိုဘားမားသည် သည်းခံမှု၊ တစ်သားတည်းဖြစ်မှုနှင့် ဒီမိုကရေစီအရေးတို့ကို အဓိကထားပြောဆိုမည်ဖြစ်ကြောင်း အိုဘားမား၏ကိုယ်ရေးအရာရှိတစ်ဦးဖြစ်သည့် ဘင်ဂျမင်ရို့စ်က နယူးယောက်တိုင်းမ်စ်သတင်းစာသို့ပြောဆိုခဲ့သည်။
ထို့ပြင် အိုဘားမားသည် ဂျူလိုင် ၁၈ ရက်တွင် ဂျိုဟန်နစ္စဘာ့ရှိ မြို့တော်ခန်းမ၌လည်း အာဖရိကတစ်ဝန်းမှ လူငယ်ခေါင်းဆောင် ၂၀ဝ နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ အိုဘားမားသည် မင်ဒဲလားနှင့် ၂၀ဝ၅ ခုနှစ်တွင် ခဏတာတွေ့ဆုံခဲ့သော်လည်း မင်ဒဲလား၏ဈာပနတွင် ထောမနာစကားပြောဆိုခဲ့သည်။ မင်ဒဲလားသည် ၎င်းကို လူသားပီသသော လူတစ်ဦးဖြစ်စေချင်ခဲ့ပြီး မင်ဒဲလားသည် ၂၀ ရာစု၏နောက်ဆုံး လွတ်လပ်ရေးဖခင်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မင်ဒဲလား၏ နှိုင်းယှဉ်လို့မရသည့် အနစ်နာခံမှုများနှင့် လူသန်းပေါင်းများစွာတို့၏ဘဝများ တိုးတက်ကောင်းမွန်အောင် မလျှော့တမ်းဆောင်ရွက်ခဲ့မှုများကို ဂုဏ်ပြုသည့်အနေဖြင့် မင်ဒဲလားဖောင်ဒေးရှင်းသို့ လစာ၏ထက်ဝက်ကို လှူဒါန်းမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဆရီးရာမဖိုဆာက ပြောဆိုခဲ့သည်။
မင်ဒဲလား နှစ် ၁၀ဝ ပြည့်အခမ်းအနားသည် တောင်အာဖရိက၏လက်ရှိပြဿနာများကို သုံးသပ်ရန် အခွင့်အခါကောင်းဖြစ်ကြောင်း ၁၉၉၃ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်လ်ဆုကို မင်ဒဲလားနှင့်အတူ ပူးတွဲရရှိခဲ့သည့် သမ္မတဟောင်း အက်ဖ်ဒဗလျူဒီကလာ့ခ်က ပြောဆိုခဲ့သည်။

















