ဂျနီဗာ ဇူလိုင် ၁၅
လိင်ကိစ္စများကိုသာ တစ်ချိန်လုံး စဉ်းစားကြံဆပြီး လိင်အပျော်အပါးလိုက်စားရန် ကြိုးပမ်းနေသည့် အလွန်အမင်းလိင်စိတ်ရှိနေသည့် အပြုအမူကို စိတ်ပိုင်းဆိုင်ရာစံလွဲမှုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတ်မှတ်လိုက်ပြီဖြစ်သည်။
သို့သော် လိင်စွဲလမ်းလွန်ခြင်းဆိုသည့် စကားလုံးပေါ်ပေါက်နေသည်မှာ ဆယ်စုနှစ်များစွာရှိနေပြီဖြစ်သော်လည်း ကျွမ်းကျင်သူများသည် ယင်းလိင်စိတ်ပေါ်ပေါက်သည့် အခြေအနေများနှင့်ပတ်သက်၍ အယူအဆကွဲပြားနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရောဂါများနှင့် ဒဏ်ရာများစာရင်းကို နောက်ဆုံးဖော်ပြမှုတွင် WHO က အလွန်အမင်းလိင်စွဲလမ်းသည့် စံလွဲအပြုအမူ(စီအက်စ်ဘီဒီ)သည် စိတ်ကျန်းမာရေးမကောင်းမှုဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားသည်။
သို့သော် WHO သည် လိင်စွဲလမ်းလွန်ခြင်းကို လောင်းကစား၊ မူးယစ်ဆေးစွဲမှုများနှင့် တန်းတူသတ်မှတ်ခြင်းမရှိသေးချေ။ လိင်စွဲလမ်းလွန်ခြင်းကို အရက်နှင့်မူးယစ်ဆေးစွဲခြင်းတို့နှင့် တန်းတူသတ်မှတ်ရန် လေ့လာမှုများစွာကိုပြုလုပ်ရဦးမည်ဖြစ်ကြောင်း WHO မှ ကျွမ်းကျင်သူ ဂျက်ဖရီရိဒ်က ပြောဆိုခဲ့သည်။
စီအက်ဘီဒီသည် ပြင်းပြင်းထန်ထန်နှင့် အကြိမ်ကြိမ် လိင်စိတ်ကြွခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိသော အခြေအနေဖြစ်ပြီး အကျိုးဆက်အဖြစ် ဝမ်းနည်းမှုစိတ်ပျက်မှုတို့ဖြစ်လာလေ့ရှိကြောင်း WHO ၏ နိုင်ငံတကာရောဂါသတ်မှတ်မှု( အိုင်စီဒီ) တွင်ဖော်ပြထားသည်။ အိုင်စီဒီတွင်ပါဝင်ခြင်းကို အခြေခံပြီး ကုသနည်းစနစ်သတ်မှတ်ခြင်းနှင့် ကျန်းမာရေးအာမခံမှုတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။
လိင်စိတ်ကိုမထိန်းချုပ်နိုင်သူများစွာရှိနေပြီး ယင်းလိင်စိတ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ မိသားစုဘဝများပြိုလဲခြင်းအစရှိသည့် ဆိုးကျိုးများရှိနေကြောင်း ရိဒ်ကပြောဆိုခဲ့သည်။ အိုင်စီဒီအဆင့်သတ်မှတ်ချက်ကြောင့် လိင်စွဲလမ်းလွန်ခြင်းအပေါ် သုတေသနပြုမှုများပိုမိုရှိလာပြီး ရောဂါခံစားနေရသူဦးရေကိုတွက်ချက်မှုများလည်းရှိလာနိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















