လူသေဆုံးသည်အထိယာဉ်တိုက်မှုကျူးလွန်ခဲ့သူထံမှ ၂ လုံးထိုးသေနတ်တစ်လက် သိမ်းဆည်း

လူသေဆုံးသည်အထိယာဉ်တိုက်မှုကျူးလွန်ခဲ့သူထံမှ ၂ လုံးထိုးသေနတ်တစ်လက် သိမ်းဆည်း

မိုင်းတုံမြို့နယ်တွင် ယာဉ်တိုက်လူသေဆုံးမှုကျူးလွန်သူကိုဖမ်းဆီးစစ်ဆေးစဉ် ခါးကြားအတွင်း ကျည် ၂ လုံးထိုးသေနတ်တစ်လက်တွေ့ရှိမှု ဇူလိုင် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း နားကောင်း မှုနယ်မြေရဲစခန်းမှသိရသည်။

အဆိုပါနေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ လပြည့်ဝန်းကားဂိတ် ရှေ့၌ လောက်အေး(၅၁)နှစ် မောင်းနှင်လာသည့် Tiger ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မနန်းမွန်း(၃၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို တိုက်မိခဲ့သည်။

ထိုသို့တိုက်မိစဉ် မနန်းမွန်းတွင် ဦးခေါင်း၊ ဝဲခြေလုံး ပေါက်ပြဲကျိုးပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အလောင်းကိုမိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ လောက်အေး ကို သက်ဆိုင်ရာက ဖမ်းဆီးစဉ် ၎င်း၏ခါးကြားမှ နှစ်လုံးထိုး သေနတ် ၁ လက်(အတို)နှင့် ၎င်းကျည် ၂ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

အဆိုပါ သေနတ်နှင့်ပတ်သက်၍ စစ်မေးရာ လွန်ခဲ့သော ၈ နှစ် ခန့်က "ဝ"အထူးဒေသ(၂) ဟိုပန်မြို့ နယ်၊ ဟိုရွက်ကျေးရွာတွင် နေထိုင်သည့် ဦးရန်တာရှဲန်း (စိစစ်ဆဲ)ထံမှ တရုတ်ယွမ် ၇,ဝ၀ဝ ဖြင့် ဝယ်ယူ ကိုင်ဆောင်ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ဝ၈၄၅ အချိန်တွင် လောက်အေး(ဖမ်းမိ)အား နားကောင်းမူ နယ်မြေရဲစခန်း ယာဉ်(ပ)၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က အရလည်းကောင်း၊ (ပ)၁/၁၈ ရှမ်းလက်နက်ပုဒ်မ ၁၂(က)အရ လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးလျက်ရှိသည်။