ဖြူးမြို့နယ်အတွင်း စိတ်ကြွဆေးပြားများဖြန့်ဖြူးရောင်းချနေကြောင်း လူမှုကွန်ယက်သတင်းအရ သက်ဆိုင် ရာက ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၆ ရက်နေ့တွင် ဖြူးမြို့မရဲစခန်းမှသိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစောမြင့်နှင့်အဖွဲ့ ဝင်များသည် ဖြူးမြို့နယ် ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းရွာအနီးတွင် စိတ်ကြွဆေးပြားများ ဖြန့်ဖြူးရောင်းချနေကြောင်း လူမှုကွန်ယက်တွင်တင်ထားသည့် သတင်းအရ ဖြူးအရှေ့ကျေးရွာနေ မင်းမင်း (ခ)ဦးဇော်မင်း၊ (၄၁)နှစ် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ်တွင် မင်းမင်း (ခ)ဦးဇော်မင်း (၄၁နှစ်) နှင့် ဇနီးဖြစ်သူ မချိုမာ(ခ)ချိုချိုမာ (၄၁ နှစ်) တို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၈၉)ပြား၊ အစိမ်းရောင် (၁၄)ပြား၊ စုစုပေါင်း (၁၂၀၃)ပြား (ကာလတန်ဖိုး ၆၀၁၅၀ဝ၀ကျပ်)၊ ငွေစက္ကူရောရာ ၁၆၆၀ဝ၀ဝ ကို ရှာဖွေသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဖြူးမြို့မရဲစခန်း မယ(ပ)၂/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းလျက်ရှိသည်။

















