မိတ္ထီလာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပန်းရံလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့မှု ယနေ့ (ဇူလိုင် ၁၆ ရက်)တွင် ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှ သိရသည်။
ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးတွင် လုပ်သားတစ်ဦးဓာတ်လိုက်သေဆုံးရောက်ရှိနေကြောင်း သတင်းအရ မိတ္ထီလာမြို့မရဲစခန်းမှူးဒုရဲမှူးကျော်ထင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ရမည်းသင်းမြို့နယ် အနောက်ဂွေးကုန်းရွာနေ ဝဏ္ဏအောင် (၁၈)နှစ်ဖြစ်ပြီး ယာဘက်လည်ပင်းဘေးအရေပြားမီးကျွမ်းဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရသည်။ သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ၄င်းမှာ မိတ္ထီလာမြို့မ(၄)ရပ်ကွက် ဖောင်တော်ဦး လမ်းကြားရှိ အိမ်ဆောက်လုပ်ငန်းခွင်တွင် ပန်းရံလုပ်သားများနှင့်အတုူ သဲဖြည့်ခြင်းသဲကြပ် ရန်တုန်ခါစက်ဖြင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါတုန်ခါစက်ရှိ လျှပ်စစ်ဝါယာကြိုးမှာပေါက်ပြဲနေသဖြင့် တိတ်ဖြင့်ပတ်ထားပြီး ၄င်းတိတ်ပိတ်ထားသည့် အပေါက်မှာ ထပ်မံပေါက်ပြဲ၍ ဓာတ်လိုက်လဲကျသွား သဖြင့်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသနေစဉ် ပြင်ပလူနာဌာနတွင် သေဆုံးသွားခဲ့သည်။ မိတ္ထီလာမြို့မ ရဲစခန်းကသေမှုသေခင်းအမှတ်(၁၅/၁၈) အရ အမှုဖွင့်အရေးယူထားသည်။
















