မော်ဒယ်အမျိုးသမီးကို အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု ၂ မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တာမွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် အဆိုတော်အစ္စဏီအား ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် တာမွေမြို့နယ်တရားရုံး၌ ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုက ရုံးပြောင်း လျှောက်ထားခဲ့သဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း စွပ်စွဲခံရသူ အစ္စဏီ ၏ အကျိုးဆောင် ရှေ့နေ ဦးကျော်ဇင်ဦးက ရုံးချိန်းအပြီး မီဒီယာများကို ပြောသည်။
အဆိုတော် အစ္စဏီကို ယနေ့ တာမွေမြို့နယ်တရားရုံးတွင် ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၉)ကြိမ်မြောက်ရုံးချိန်းတွင် တရားလို မော်ဒယ်စူးရှထက်က ရုံးပြောင်းလျှောက်ထားခဲ့ခြင်းကြောင့် အမှုတွဲမှာ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးက စစ်ဆေးရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။
'' တရားလိုက ပြီးခဲ့တဲ့ ရုံးချိန်းမှာ ခရိုင်ရုံးကို ရုံးပြောင်းလျှောက်ထားတဲ့ အတွက်ကြောင့် တာမွေတရား ရုံးမှာ စစ်ဆေးထားတာတွေ ကို ခေတ္တဆိုင်းငံ့ထားတယ်။ အမှုတွဲက ခရိုင်ရုံး ကိုရောက် နေတာ ဖြစ်တာကြောင့် လာမယ့် ဇူလိုင် ၂၀ ရက်ကို ချိန်းဆိုထားတယ်။ နှစ်ဖက် ရှေ့နေတွေ အမှုလိုက် ပါခွင့်ပါဝါတင်ပြီးရင် ဒီအမှုကို လက်ခံသင့်မခံသင့် စစ်ဆေးဆုံးဖြတ် မှာဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။
အဆိုတော် ဟန်ဇော်ထွန်း(ခ)အစ္စဏီ ကို ရည်းစားဟောင်းဖြစ်သည့် မော်ဒယ်စူးရှထက်(ခ) မဇာကြည်ဌေးက ဧပြီ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ၄င်းငှားရမ်းနေထိုင်ရာ တာမွေမြို့ နယ်ရှိ တိုက်ခန်းအတွင်း သားမယားပြုကျင့်မှု၊ ထိခိုက်နာကျင်စေမှုတို့ကျူးလွန်ခဲ့သည်ဆိုကာ အမှုဖွင့် တိုင် ကြားခဲ့ပြီးနောက် တာမွေမြို့နယ်တရားရုံးတွင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှု ၉ ကြိမ် သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။















