ကလေးပြန်ပေးဆွဲကောလာဟလဖြင့်  အုပ်စုဖွဲ့ အကြမ်းဖက်စီရင်မှုကြောင့်  အိန္ဒိယ၌  ခရီးသည်အချို့ သေဆုံးထိခိုက်  လူ  ၃၀  ကျော်  ဖမ်းဆီးခံခဲ့ရ

ကလေးပြန်ပေးဆွဲကောလာဟလဖြင့်  အုပ်စုဖွဲ့ အကြမ်းဖက်စီရင်မှုကြောင့်  အိန္ဒိယ၌  ခရီးသည်အချို့ သေဆုံးထိခိုက်  လူ  ၃၀  ကျော်  ဖမ်းဆီးခံခဲ့ရ

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ကလေးပြန်ပေးဆွဲဂိုဏ်းရောက်ရှိနေကြောင်း ကောလာဟလ သတင်းကြောင့် ခရီးသည်လေးဦးကို လူအုပ်စုဖြင့်အကြမ်းဖက်တိုက်ခိုက်စီရင်မှုကြောင့် တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့မှုအတွက် ရဲတပ်ဖွဲ့သည် လူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

တိုက်ခိုက်

ကာတာနိုင်ငံသားတစ်ဦးအပါအဝင် ခရီးသွားလေးဦးတို့ ကားတစ်စီးဖြင့် ကာနာတာကာ ပြည်နယ် ဘီဒါခရိုင်ရှိကျေးရွာတစ်ရွာကို ဇူလိုင် ၁၃ ရက်ညတွင် ဖြတ်သန်းခိုက် လူအုပ်ကြီးက ကျောက်တုံးများ၊ တုတ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ရွာမှကလေးအချို့ကို ခရီးသွားလေးဦးက ချောကလက်များပေးကမ်းခိုက် WhatsApp မှတစ်ဆင့် ကလေးပြန်ပေး သမားလေးဦးရောက်ရှိနေကြောင်း ၎င်းတို့ဓာတ်ပုံများ ဗီဒီယိုများဖြန့်ဝေထားမှုအရ ဒေသခံများ စုဝေးရောက်ရှိလာပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့

ခရီးသွားများ ကားမောင်းပြေးသော်လည်း အခြားရွာတွင် လမ်းပိတ်ဆို့ထား၍ လူ ၂၀ဝ၀ ကျော်ခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ လူအုပ်ကိုထိန်းရန် ကြိုးပမ်းသည့် ရဲအရာရှိလေးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူသည် တီလန်ဂါနာပြည် နယ်မှ (၃၂) နှစ်အရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ၎င်း၏ဝမ်းကွဲညီ၊ သူငယ်ချင်းနှင့် ကာတာနိုင်ငံသားမိတ်ဆွေတို့ ဒဏ်ရာရရှိခဲ့သည်။

ရိုက်နှက်

ဗီဒီယိုမှတ်တမ်းကို ရုပ်သံမှထုတ်လွှင့်ခဲ့ရာ ရဲများကတောင်းပန်နေသည့်ကြားမှ လူအုပ်က တုတ်များဖြင့် ရိုက်နှက်နေပုံကို တွေ့ခဲ့ကြရသည်။ ယခုလအစောပိုင်းကလည်း အိန္ဒိယအနောက် ပိုင်းတွင် အလားတူတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ရသည်။ လူမှုကွန်ရက်တွင် ကလေးပြန်ပေး ဂိုဏ်းများသောင်းကျန်းနေကြောင်း ကောလာဟလဖြန့်ဝေမှုကြောင့် အိန္ဒိယတွင် မေလအစော ပိုင်းမှစ၍ အနည်းဆုံး လူ ၂၀ ခန့် အသတ်ခံခဲ့ကြရသည်။