အကယ်ဒမီသီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့မှုကို ကျေအေးပေးရန်မရှိဟု ဆို

အကယ်ဒမီသီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့မှုကို ကျေအေးပေးရန်မရှိဟု ဆို

အိမ်အကူလုပ်ကိုင်သူ အသက် ၄၀ အရွယ် အမျိုးသမီးကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုဖြင့် စွပ်စွဲခံရသူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုးကို သက်ဆိုင်ရာက စစ်ဆေးရန် စုံစမ်းနေပြီး အိမ်အကူအမျိုးသမီးက အမှုနှင့်ပတ်သက်၍ ကျေအေးပေးရန်မရှိကြောင်း ဇူလိုင် ၁၆ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက်နေ့ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ သီဟတင်စိုး၏ နေအိမ်တွင် ၄င်း၏ ယောက္ခမဖြစ်သူ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီး အတွက် ကျန်းမာရေးပြုစုစောက်ရှောက်ရန် နှင့် ဝေယျာဝစ္စများလုပ်ကိုင်ရန် အဆိုပါနေအိမ်တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားချက်တွင်ပါရှိသည်။ 
ထိုသို့ လုပ်ဆောင်နေစဉ် ဇူလိုင် ၁၃ ရက်နေ့ ည ၇ နာရီခန့်က နေအိမ်တွင် အမေအိုနှင့် ၄င်းတို့ သာရှိပြီး ဦးသီဟတင်စိုး အပြင်မှပြန်လည်ရောက်ရှိလာကြောင်း ၊ ည ၈နာရီခန့်တွင် အိမ်ခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီး သားမယားအဖြစ်အဓမ္မ(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်သို့ အကူညီတောင်းခံစဉ် မိုးများရွာနေသဖြင့် မည်သူမျှ မကြားခဲ့ကြောင်း၊ ဇနီးဖြစ်သူနှင့် အခြားသူများကို ပြန်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။ 
“ သူ အရက်မူးပြီး သားမယားပြုကျင့်တယ်။ ဘယ်သူ့ကိုမှပြန်မပြောဖို့ခြိမ်းခြောက်တယ်။ သူတို့က မဟုတ်ဘူးလို့ပြောပေမယ့် ကျွန်မခံရတာ ကျွန်မပဲသိတယ်။ ကျွန်မလည်းအိမ်ထောင်သည်ပါပဲ၊ အိမ်ဖော်လုပ်တယ်ဆိုပြီး အထင်သေးမခံနိုင်ဘူး။ သူတို့ဘက်က ညှိနှိုင်းတဲ့ကိစ္စက ကျွန်မ မသိဘူး။ အဒေါ်ပဲသိတယ်" ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ဇူလိုင် ၁၆ ရက်နေ့တွင် မီဒီယာများ ကိုပြောသည်။ 
တိုင်ကြားသူမှာ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၈ နာရီ ချိန်ခန့်တွင် အိမ်သားများမနိုးမီ အိမ်မှထွက်လာခဲ့ပြီး ကျောက်မြောင်းတွင်နေထိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်ညိုထံ သွားရောက်ပြောပြခဲ့ပြီးနောက် သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။ သုဝဏ္ဏ နယ်မြေရဲစခန်းက (ပ)၃၈၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အမှုဖွင့်တိုင်ကြားပြီးနောက် သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သီဟတင်စိုး၏ နေအိမ်သို့ စစ်ဆေး ရန် သွားရောက်ခဲ့သော်လည်း ဇနီးဖြစ်သူနှင့် စကားများကာ နေအိမ်မှထွက်သွားကြောင်း သိရသဖြင့် ရဲစခန်းသို့ စစ်ဆေးခံရန် အကြောင်းကြားထားကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်က ပြောသည်။ 
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ ရေနံချောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လေဖြတ်နေသူခင်ပွန်းနှင့် သားတစ်ဦးရှိ ကြောင်း သိရသည်။ ရန်ကုန်၌ လွန်ခဲ့သော ၁ နှစ်ခွဲအချိန်ခန့်မှစတင်ကာ အိမ်အကူအဖြစ် အခြားအိမ်များတွင်လုပ်ကိုင်ခဲ့ပြီးနောက် အဒေါ်ဝမ်းကွဲ၏ ဆက်သွယ်ပေးမှုဖြင့် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ဇူလိုင် ၁၆ ရက်နေ့အထိ သီဟတင်စိုးမှ ရဲစခန်းတွင် လာရောက် အစစ်ဆေးခံခြင်း မရှိသေးဘဲ ဆက်သွယ်၍ မရသေးကြောင်း သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး