အငှားယာဉ်မောင်းကို ကျင်စက်ဖြင့်တို့ကာ ယာဉ်လုယူသူ ၃ ဦးကို ဖမ်းမိ

အငှားယာဉ်မောင်းကို ကျင်စက်ဖြင့်တို့ကာ ယာဉ်လုယူသူ ၃ ဦးကို ဖမ်းမိ

မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းကို ကျင်စက်ဖြင့်တို့ကာ ယာဉ်ကိုလုယူခဲ့သူ ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်နေ့တွင်ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ 

ဇူလိုင် ၁၃ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အင်းပေါက်စုရပ်ကွက်နေ အငှားယာဉ် မောင်းနှင်သူ အမျိုးသားသည် ၎င်းမောင်းနှင်သည့် ပရိုဘောက်စ် ယာဉ် ကို အင်းစိန် မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံမီးပွိုင့်တွင် ရပ်တန့်နေစဉ် အမည်မသိ အမျိုးသား(၃)ဦးမှ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ စကိတ်ကွင်းသို့ ကျပ် ၅၀ဝ၀ ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ခဲ့သည်။ 
ထိုသို့ပို့ဆောင်စဉ် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ဝါယာလက်ဈေးအကျော်တွင် တစ်ယောက်ဆင်းမည်ဟု ပြောသဖြင့် ကားအား ရပ်တန့်စဉ် ရှေ့ခန်းတွင် ထိုင်နေသည့် အမျိုးသားမှ ယာဉ်မောင်း၏လက်ကို ချုပ်ကိုင်ကာ နောက်ခန်းတွင်ထိုင်နေသည့် အမျိုးသားမှ ကျင်စက်ဖြင့် ယာဉ်မောင်း၏လည်ပင်း၊ ကျောကုန်းနှင့်ခါးတို့အား တို့ပြီး ဝိုင်းဝန်းထိုးကြိတ်သဖြင့် ယာဉ်မောင်းက ကားပေါ်မှ ဆင်းပြေးခဲ့သည်။ 
ထိုသို့ဆင်းပြေးစဉ် ၄င်းတို့က အငှားယာဉ်ကို မောင်းနှင်ယူဆောင်သွားသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၆၂၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
အဆိုပါအမှုကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံပူးပေါင်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံမီးပွိုင့်တွင် လုယက်သွားသည့် အငှားယာဉ်နှင့်အတူ လှိုင်သာယာမြို့နယ်နေ စိုင်းကို၊မိုးဟိန်း(ခ) ဘတိုး နှင့်မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ ပိုင်ဟိန်းတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။