အင်းစိန်မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုများကျူးလွန်ခဲ့သူ ၄ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှု မသင်္ကာသူ အင်းစိန်မြို့နယ်နေ စည်သူနှင့်ချစ်မိုးတို့ ၂ ဦးကို ဇူလိုင် ၁၂ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
၎င်းတို့ ၂ ဦးကိုစုံစမ်းချက်များအရ သက်ပိုင်(စုံစမ်းဆဲ)တို့နှင့်အတူ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ ဓမ္မာရုံအနီးရှိ နေအိမ်ရှေ့တွင် ရပ်ထားသော Feling-110 ဆိုင်ကယ်ကို ခိုးယူရောင်းချခဲ့ကြောင်းပေါ်ပေါက်ပြီး ၄င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် ၆ စီးကို လှိုင်သာယာမြို့နယ်နေ တင့်လွင်(ခ)ငတင့် နှင့် ကျော်ဇင်ဦးတို့ထံတွင် အသီးသီးရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ခိုးရာပါဆိုင်ကယ် များကို လက်ခံထုခွဲရောင်းချပေးသူ တင့်လွင်(ခ)ငတင့်တို့ကို ဆက်လက်ဖမ်းဆီးခဲ့သည်။ သက်ဆိုင်ရာက ၄င်းတို့ အင်းစိန်မြို့နယ်အတွင်းခိုးယူခဲ့သည့် ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းကာ အမှုဖြင့်တိမ်းရှောင်နေသူ သက်ပိုင်ကို ဖမ်းဆီး ရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

















