အီးယူသည် ကုန်သွယ်ရေးရန်သူဟု သမ္မတထရမ့်ကင်ပွန်းတပ်

အီးယူသည် ကုန်သွယ်ရေးရန်သူဟု သမ္မတထရမ့်ကင်ပွန်းတပ်

ဟယ်လ်ဆင်ကီ        ဇူလိုင် ၁၆
    ကုန်သွယ်ရေးနှင့်ပတ်သက်လျှင် ဥရောပသမဂ္ဂ(အီးယူ)သည် ရန်သူဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပြီး အီးယူကောင်စီဥက္ကဌ ဒေါ်နယ်တပ်စ်ခ်ကလည်း အီးယူကိုရန်သူဟုခေါ်ဆိုသူသည် သတင်းတုများ ဖြန့်ချိနေသူ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မတွေ့ဆုံမီ စီဘီအက်စ်သတင်းဌာနနှင့် တွေ့    ဆုံရာတွင် သမ္မတထရမ့်က အီးယူကို တိုက်ခိုက်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အီးယူသည်အမေရိကန်နှင့် ကုန်သွယ်ရာတွင် အသာစီးရယူထားပြီး နေတိုးအဖွဲ့အတွက် ကုန်ကျစရိတ်များကိုမူ ပေးချေခြင်းမရှိကြောင်းလည်း ပြောဆိုခဲ့သည်။ အမေရိကန်အတွက် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်သူနှင့် ရန်သူများတွင် ရုရှား၊ တရုတ်တို့ပါဝင်ပြီး အီးယူသည် နံပတ်တစ်ရန်သူ ဖြစ်ကြောင်း၊ ၄င်းတို့သည် ဆက်ဆံရအလွန်ခက်ခဲကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် ဂျာမနီက ရုရှားကို ဘီလျံချီဒေါ်လာများပေးပြီး ဓာတ်ငွေ့များဝယ်ယူခြင်းကို ထောက်ပြခဲ့ပြီး ဂျာမနီသည်ရုရှားကို အလံဖြူပြနေသည်ဟုလည်း စွပ်စွဲခဲ့သည်။
    ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံမှုအရေးကိုလည်း မျှော်လင့်ချက်အနည်းငယ်သာ ထားရှိကြောင်း ထရမ့်က ပြောဆိုသည်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်နှောင့်ယှက်မှုဖြင့် ရုရှား ၁၂ ဦးကို အမေရိကန်အထူးစုံစမ်းရေးအဖွဲ့က တရားစွဲဆိုထား၍ ပူတင်နှင့်တွေ့ဆုံမှုကို ဖျက်သိမ်းရန် တောင်းဆိုမှုများလည်းရှိသည်။ ဟယ်ဆင်ကီတွင် ထရမ့်ဆန့်ကျင်ရေး လူအများပါဝင်သည့် ဆန္ဒပြပွဲများလည်း ပေါ်ပေါက်နေသည်။
    အမေရိကန်၏စွပ်စွဲချက်များကို ရုရှားက ငြင်းပယ်ထားပြီး ထရမ့်နှင့်ပူတင် တွေ့ဆုံရာတွင် ပူတင်တစ်စုံတစ်ရာ တုံ့ပြန်မည်ကိုလည်း မျှော်လင့်ကြသည်။ ရုရှားထောက်လှမ်းရေး၏ အမေရိကန်နိုင်ငံရေးတွင် နှောင့်ယှက်ခဲ့မှုများကို သမ္မတ ပူတင်မသိပါဟုဆိုခြင်းကို ယုံကြည်ရန်ခက်ခဲကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က ပြောဆိုခဲ့ပြီးဖြစ်သည်။