ဝါရှင်တန် ဇူလိုင် ၁၆
အီရန်နျူကလီးယားအရေးနှင့် ပတ်သက်၍ အမေရိကန်က ပိတ်ဆို့မှုများချမှတ်ထားရာတွင် ဥရောပကုမ္ပဏီများကို လွတ်ငြိမ်းခွင့်ပေးရန် ဥရောပသမဂ္ဂ(အီးယူ)၏ မေတ္တာရပ်ခံချက်ကို အမေရိကန်အစိုးရက ပယ်ချခဲ့သည်။
အီရန်အပေါ် အမြင့်မားဆုံး ဖိအားပေးလိုသည့်အတွက် မေတ္တာရပ်ခံချက်ကို ပယ်ချကြောင်း ရေးသားထားသည့် စာတစ်စောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အီးယူထံပေးပို့ခဲ့သည်။ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အကျိုးပြုမှသာ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်းလည်း စာတွင် ဖော်ပြခဲ့သည်။
အမေရိကန်၏ပိတ်ဆို့မှုအသစ်ကြောင့် အီးယူနိုင်ငံများသည် ကုန်သွယ်ရေးတွင် ဒေါ်လာဘီလျံချီ ထိခိုက်မည်ကို စိုးရိမ်နေသည်။ အီးယူထံပေးပို့သည့်စာတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနျူချင်ကလည်း လက်မှတ်ရေးထိုးခဲ့ပြီး အီရန်အစိုးရအပေါ် ဘဏ္ဍာရေးအရ မကြုံစဖူးဖိအားပေးနိုင်ရန် ပံ့ပိုးရမည်ဖြစ်ကြောင်း ၄င်းက ရေးသားခဲ့သည်။
အီရန်နှင့် ကမ္ဘာ့နိုင်ငံကြီးများ ၂၀၁၅ ခုနှစ်က သဘောတူညီထားသည့် နျူကလီးယားအရေးစာချုပ်မှ အမေရိကန်ကို သမ္မတဒေါ်နယ်ထရမ့်က ဆွဲထုတ်ခဲ့ပြီးနောက် မေလတွင် အီရန်အပေါ် တင်းကျပ်သည့်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်နိုင်သည်အထိ အမေရိကန်၏ ပိတ်ဆို့မှုရှိနေမည်ဖြစ်သည်။
အမေရိကန်၏ဆုံးဖြတ်ချက်ကို ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ၂၀၁၅ သဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင် ဥရောပမှ ကုမ္ပဏီကြီးအချို့သည် အီရန်နှင့် စီးပွားရေးအကြီးအကျယ် လုပ်ဆောင်ခဲ့ကြသည်။
၂၀၁၇ တွင် အီးယူမှ အီရန်သို့ ကုန်စည်နှင့် ဝန်ဆောင်မှု တင်ပို့ခြင်းသည် ယူရို ၁၀ ဒသမ ၈ ဘီလျံ(ဒေါ်လာ ၉ ဒသမ ၅ ဘီလျံ)အထိ ရှိခဲ့ပြီး အီရန်မှ အီးယူသို့ ကုန်တင်သွင်းမှုမှာလည်း ယူရို ၁၀ ဒသမ ၁ ဘီလျံခန့် ရှိသည်။ ယင်းသွင်းကုန် တန်ဖိုးသည် ၂၀၁၆ ကထက် နှစ်ဆနီးပါး တိုးတက်လာခြင်းဖြစ်သည်။

















