နယူးဒေလီ ဇူလိုင်
အိန္ဒိယတောင်ပိုင်း၌ ကလေးပြန်ပေးဆွဲဂိုဏ်းရောက်ရှိနေကြောင်း ကောလာဟလသတင်းကြောင့် ခရီးသည် လေးဦးကို လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်စီရင်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့မှုအတွက် ရဲတပ်ဖွဲ့သည် လူသုံးဒါဇင်နီးပါးကို ဖမ်းဆီးခဲ့သည်။
ကာတာနိုင်ငံသားတစ်ဦးအပါအဝင် ခရီးသွားလေးဦးတို့ ကားတစ်စီးဖြင့် ကာနာတာကာပြည်နယ် ဘီဒါခရိုင်ရှိ ကျေးရွာတစ်ရွာကို ဇူလိုင် ၁၃ ရက်ညတွင် ဖြတ်သန်းခိုက် လူအုပ်ကြီးက ကျောက်တုံးများ၊ တုတ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ရွာမှကလေးအချို့ကို ခရီးသွားလေးဦးက ချောကလက်များပေးကမ်းခိုက် WhatsApp မှတစ်ဆင့် ကလေးပြန်ပေးသမားလေးဦး ရောက်ရှိနေကြောင်း ၄င်းတို့ဓာတ်ပုံများ ဗွီဒီယိုများ ဖြန့်ဝေထားမှုအရ ဒေသခံများ စုဝေး ရောက်ရှိလာပြီး တိ်ုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ခရီးသွားများ ကားမောင်းပြေးသော်လည်း အခြားရွာတွင် လမ်းပိတ်ဆို့ထား၍ လူ ၂၀ဝ၀ ကျော်ခန့်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ လူအုပ်ကိုထိန်းရန်ကြိုးပမ်းသည့် ရဲအရာရှိလေးဦးလည်း ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူသည် တီလန်ဂါနာပြည်နယ်မှ ၃၂ နှစ်ရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ၄င်း၏ဝမ်းကွဲညီ၊ သူငယ်ချင်းနှင့် ကာတာနိုင်ငံသားမိတ်ဆွေတို့ ဒဏ်ရာရရှိခဲ့သည်။
ဗွီဒီယိုမှတ်တမ်းကို ရုပ်သံမှထုတ်လွှင့်ခဲ့ရာ ရဲများကတောင်းပန်နေသည့်ကြားမှ လူအုပ်က တုတ်များဖြင့် ရိုက်နှက်နေပုံကို တွေ့ခဲ့ကြရသည်။ ယခုလအစောပိုင်းကလည်း အိန္ဒိယအနောက်ပိုင်းတွင် အလားတူတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ရသည်။ လူမှုကွန်ရက်တွင် ကလေးပြန်ပေးဂိုဏ်းများသောင်းကျန်းနေကြောင်း ကောလာဟလ ဖြန့်ဝေမှုကြောင့် အိန္ဒိယတွင် မေလအစောပိုင်းမှစ၍ အနည်းဆုံး လူ ၂၀ ခန့် အသတ်ခံခဲ့ရသည်။

















