ချောက်ကမ်းပါးပေါ်မှ ကားဖြင့်အတူပြုတ်ကျနေသည့် အမျိုးသမီးတစ်ဦးကို ၇ ရက်အကြာ၌ တွေ့ရှိကယ်ဆယ်

ချောက်ကမ်းပါးပေါ်မှ ကားဖြင့်အတူပြုတ်ကျနေသည့် အမျိုးသမီးတစ်ဦးကို ၇ ရက်အကြာ၌ တွေ့ရှိကယ်ဆယ်

မော်ရိုဘေး    ဇူလိုင် ၁၆
    အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားကမ်းခြေအနီးတွင် တောင်တက်စခန်းချခရီး ထွက်နေသည့် စုံတွဲတစ်တွဲသည် တစ်ပတ်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးကို ဒဏ်ရာများနှင့် တွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့သည်။ ၄င်းအမျိုးသမီးသည် ကားဖြင့် တစ်ဦးတည်းထွက်ခွာခဲ့ရာမှ ချောက်ကမ်းပါးပေါ်မှပြုတ်ကျနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးနှင့် ချက်ဒ်မိုးတို့သည် ဇူလိုင် ၁၃ ရက်က တောင်တက်ခရီး အမြင့် ပေ ၂၀ဝ(မီတာ ၆၀)တွင် ဂျစ်ကားတစ်စီးကို တွေ့ရှိခဲ့၍ အာဏာပိုင်များကို သတင်းပို့ရန် ကားနံပါတ်ပြားနှင့် ကားပေါ်မှ ပစ္စည်းအချို့ကို သိမ်းဆည်းယူခဲ့သည်။ ယင်းနောက် မိနစ် ၃၀ ခန့်အကြာတွင် ဂျစ်ကာမောင်းသူဖြစ်သည့် အန်ဂျလာဟာနန်ဒက်ဇ်ကို ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    ချက်ဒ်မိုးက ဟာနန်ဒက်ဇ်ကို ပြုစုစောင့်ရှောက်ပေးခဲ့စဉ် ချလ်ဆီးက အရေးပေါ်ဆက်သွယ်မှုယူရန် ထွက်ခွာခဲ့သည်။ သတင်းရရှိပြီးနောက် ရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့သည် တောင်တက်ကိရိယာများ အသုံးပြုလျက် ဟာနန်ဒက်ဇ်ထံရောက်ရှိ ကယ်ဆယ်ခဲ့ရပြီး ၄င်းအား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
    အသက် ၂၃ နှစ်ရှိ ဟာနန်ဒက်ဇ်သည် ဇူလိုင် ၆ ရက်တွင် ကားမောင်းလာစဉ် တိရစ္ဆာန်တစ်ကောင်ကို ယာဉ်မတိုက်မိစေရန် ရှောင်တိမ်းလိုက်ရာမှ ချောက်ကမ်းပါးပေါ်မှ ကျခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒဏ်ရာရပြီး တစ်ဦးတည်း တစ်ပတ်ကြာ အခက်တွေ့နေစဉ် ၄င်းသည် ကားအအေးပေးစနစ်မှ ရေပိုက်ကိုဖြုတ်လျက် အနီးရှိ စမ်းချောင်းငယ်မှရေကို သောက်သုံးခြင်းဖြင့် အားတင်းထားနိုင်ခဲ့ကြောင်း သိရသည်။