တရုတ်စီးပွား ဒုတိယသုံးလပတ်အတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်

တရုတ်စီးပွား ဒုတိယသုံးလပတ်အတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်

ပေကျင်း     ဇူလိုင် ၁၆
    တရုတ်စီးပွားတိုးတက်မှုသည် ဇွန်လကုန်အထိ ဒုတိယသုံးလပတ်ကာလအတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာ အစိုးရက ခန့်မှန်းထားချက်နှင့်လည်း ထပ်တူကျခဲ့ကြောင်း တွေ့ရသည်။ 

ပထမသုံးလပတ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း စီးပွားတိုးခဲ့ခြင်းနှင့်ယှဉ်လျှင် အနည်းငယ် ကျဆင်းမှုအဖြစ်လည်း မြင်နိုင်သည်။ တရုတ်အစိုးရသည် စီးပွားတိုးတက်မှုကိုလည်း မထိခိုက်အောင်၊ ပြည်တွင်းကြွေးမြီဝန်ထုပ်ကိုလည်း လျှော့ချနိုင်အောင် ထိန်းကွပ်ဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် စီးပွားတင်းမာမှုလည်း မြင့်တက်လာခြင်းသည် စီးပွားတိုးနှုန်း အနည်းငယ် ကျဆင်းရစေသည့် အဓိကအကြောင်းရင်း တစ်ချက်လည်း ဖြစ်သည်။ တရုတ်သည် ၂၀၁၈ နှစ်ဆန်းပိုင်းက စတင်ကာ ဘဏ္ဍာရေးမူဝါဒများကို တင်းကျပ်ခဲ့သလို၊ ကမ္ဘာ့ကုန်သွယ်ရေးသည်လည်း ပုံမှန်နှုန်းခန့်သာ ရှိနေခဲ့ခြင်းသည်လည်း တရုတ် စီးပွားတိုးနှုန်းကို ပုံမှန်ထက် အနည်းငယ်လေး ကျဆင်းစေခဲ့သည့် တစ်ချက်ဖြစ်ကြောင်း အောက်စ်ဖို့ အီကော်နောမစ်အဖွဲ့ကလည်း ပြောသည်။ 
    အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲကို ပြီးခဲ့သည့် သီတင်းပတ်က အရှိန်မြှင့်တင်လိုက်ပြီး နောက်ထပ် အခွန်တိုးကောက် အရေးယူမည့် တရုတ်ကုန်စည် ဒေါ်လာ ဘီလျံ၂၀ဝ ဖိုး၏ စာရင်းများကိုလည်း ထုတ်ပြန်ထားသည်။ အမေရိကန်သည် ဇူလိုင် ၆ ရက်ကလည်း ဒေါ်လာ ၃၄ ဘီလျံဖိုးရှိသည့် တရုတ်ကုန်စည်များအပေါ် အခွန်တိုးကောက်မှုများ စတင်ခဲ့မှုကြောင့် ကမ္ဘာ့ဒုတိယ စီးပွားအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲအရှိန်က မြင့်တက်လာခဲ့သည်။ 
    ကုန်သွယ်ရေးသမိုင်းတစ်လျှောက် အကြီးဆုံးသော စီးပွားစစ်ပွဲကို အမေရိကန်က ဖန်တီးလိုက်ပြီဟု တရုတ်က တုံ့ပြန်ဝေဖန်ခဲ့သည်။ ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေသည့်တိုင် တရုတ်မှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုများ အားကောင်းနေဆဲဖြစ်သောကြောင့် ဇွန်လတွင် တရုတ်သည် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၂၉ ဘီလျံဖိုးထိ ရှိခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည် ဒေါ်လာ ၅၀ဝ ဘီလျံဖိုးထိကို အခွန်တိုးကောက်ရန်ထိ စီစဉ်ထားကြောင်း ခြိမ်းခြောက်ထားသည်။ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် တစ်နှစ်တာအတွင်း တရုတ်က အမေရိကန်သို့ ပို့ကုန်ပမာဏ စုစုပေါင်း တန်ဖိုးနှင့် ညီမျှသည်။