ပေကျင်း ဇူလိုင် ၁၆
ဖင်လန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ တွေ့ဆုံရန် နာရီအနည်းငယ် အလိုတွင် ၄င်းတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တကျရှိနေမှုကို မဖျက်ဆီးကြရန် ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်စ်ခ်က ပြောဆိုခဲ့သည်။ ပေကျင်း၌ကျင်းပသည့် တရုတ်နှင့် ဥရောပသမဂ္ဂ(အီးယူ) ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဥရောပ၊ တရုတ်၊ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာ့အစီအစဉ်မပျက်စီးရန် ဘုုံတာဝန်ရှိကြောင်း၊ သို့သော် နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းများ ပြန်လည်ပြုပြင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်းလည်း တပ်စ်ခ်က ပြောဆိုခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီခက်ချန်ကလည်း တရုတ်နှင့်အီးယူတို့သည် လွတ်လပ်စွာကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဘက်စုံထိန်းသိမ်းမှုစနစ်အတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ပြောဆိုခဲ့သည်။
သို့သော် တရုတ်သည် အီးယူနှင့်မဟာမိတ်ဖွဲ့၍ အမေရိကန်ကို ဆန့်ကျင်ရေး ကြိုးပမ်းမည်မဟုတ်ကြောင်း၊ တရုတ် အမေရိကန် အငြင်းပွားမှုသည် နှစ်နိုင်ငံအဖြေရှာရမည့်ပြဿနာသာဖြစ်ကြောင်း၊ ယခုထိပ်သီးစည်းဝေးပွဲသည် တတိယနိုင်ငံ တစ်ခုခုကို ရည်ရွယ်ခြင်းမဟုတ်ကြောင်းလည်း လီခက်ချန်က ပြောဆိုခဲ့သည်။
နည်းပညာများကို ခိုးယူခြင်း၊ အမေရိကန်ကုမ္ပဏီများကို အကျပ်ကိုင်ခြင်းတို့ဖြင့် တရုတ်သည် အမေရိကန် အကျိုးစီးပွားကို ထိခိုက်စေသည်ဆိုကာ ထရမ့်အစိုးရသည် တရုတ်ပို့ကုန် ဒေါ်လာ ၃၄ ဘီလီယံဖိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သည်။ ထို့ပြင် တရုတ်သာမက ကနေဒါ၊ မက္ကဆီကိုနှင့် အီးယူတို့မှ အမေရိကန်သို့ တင်ပို့သည့် သံမဏိနှင့် အလျူမီနီယမ်များအပေါ်တွင်လည်း အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ ၂၈ နိုင်ငံပါဝင်သည့် အီးယူသည် အမေရိကန်ကုန်စည် ဒေါ်လာ ၃ ဒသမ ၂၅ ဘီလီယံဖိုးအပေါ် အခွန်တိုးကောက်ခြင်းဖြင့် တုံ့ပြန်ထားသည်။
အီးယူခေါင်းဆောင်များသည် သမ္မတထရမ့်၏နည်းဗျူဟာများကို ဝေဖန်ပြစ်တင်ခဲ့သော်လည်း တရုတ်၏မူဝါဒနှင့် ကုန်သွယ်ရေးအတားအဆီးများအကြောင်း အမေရိကန်၏စောဒကတက်မှုကိုမူ သဘောတူခဲ့ကြသည်။

















