အာဖရိကမှ ခိုလှုံသူများအား ကယ်ဆယ်လာသည့် သင်္ဘောကို စစ္စလီတွင် ဆိုက်ကပ်ရန် အီတလီအစိုးရခွင့်ပြု

အာဖရိကမှ ခိုလှုံသူများအား ကယ်ဆယ်လာသည့် သင်္ဘောကို စစ္စလီတွင် ဆိုက်ကပ်ရန် အီတလီအစိုးရခွင့်ပြု

ရောမ     ဇူလိုင် ၁၆ 
    အီတလီတွင် ခိုလှုံရန်အတွက် လစ်ဗျားဘက်မှတစ်ဆင့် လူအပြည့်အသိပ်ပါလာသော စက်လှေဖြင့် မြေထဲပင်လယ်ကိုဖြတ်သန်းလာသည့် ခိုလှုံသူများ ပင်လယ်အတွင်း ဒုက္ခရောက်နေသဖြင့် ကယ်ဆယ်ရေးသင်္ဘောဖြင့် ကယ်တင်ခဲ့ရပြီး ထိုသူများကို စစ္စလီတွင် ဆိုက်ကပ်ရန် အီတလီ အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

ပြင်သစ်၊ ဂျာမနီ၊ မော်လ်တာ၊ ပေါ်တူဂီနှင့် စပိန်တို့က ခိုလှုံသူ ၅၀ စီ ခွဲဝေလက်ခံမည်ဟု ကတိပြုခဲ့ကြသဖြင့် စစ္စလီတွင် ကယ်ဆယ်ရေးသင်္ဘောအား ဆိုက်ကပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အီတလီ အစိုးရက ပြောသည်။ အစောပိုင်းကမူ ခိုလှုံသူ ကယ်ဆယ်ရေးသင်္ဘောကို အီတလီနှင့် မော်လ်တာတို့က လက်ခံရန် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လွှဲချနေခဲ့ကြသည်။     
    နိုင်ငံအတွင်း ခိုလှုံသူများ ဝင်ရောက်မှုကို လျှော့ချနိုင်ရန် အီတလီ အစိုးရသစ်သည် ခိုလှုံသူ မူဝါဒများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက်ရှိနေသည်။ လူအပြည့်အသိပ်ဖြင့် ပင်လယ်ထဲတွင် ဒုက္ခရောက်နေသည့် ခိုလှုံသူစက်လှေကို ဥရောပသမဂ္ဂ၏ ဖရွန်တက်စ် ကယ်ဆယ်ရေးအစီအစဉ်မှ သင်္ဘောနှစ်စီးက ကယ်တင်ခဲ့ကြခြင်း ဖြစ်သည်။ ခိုလှုံသူများ၏ စက်လှေသည် အီတလီ၏ လမ်ပီဒူဆာကျွန်းနှင့် ပိုနီးကပ်သဖြင့် အီတလီတွင် တာဝန်ရှိကြောင်း၊ ခိုလှုံသူကယ်ဆယ်ရေး သင်္ဘောနှစ်စီးကို ကမ်းကပ်ခွင့်မပေးနိုင်ကြောင်း အစောပိုင်းတွင် မော်လ်တာနိုင်ငံက ငြင်းဆန်ခဲ့သည်။ အီတလီ ပြည်ထဲရေးဝန်ကြီး မတ်တီယို ဆယ်ဗီနီကလည်း ဖရွန်တက်စ်သင်္ဘောနှစ်စီးသည် လစ်ဗျား သို့မဟုတ် မော်လ်တာသို့သာ ဦးတည်သင့်သည်ဟု တန်ပြန်ငြင်းဆန်ခဲ့သည်။ 
    ထို့နောက်တွင် အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ စာရေးသား အကူအညီတောင်းခဲ့သဖြင့် ပြင်သစ်၊ ဂျာမနီ၊ မော်လ်တာ၊ ပေါ်တူဂီနှင့် စပိန်တို့က ခိုလှုံသူ ၅၀ စီ ခွဲဝေလက်ခံမည်ဟု ကတိပြုခဲ့ကြပြီးနောက်တွင်မှ စစ္စလီတွင် ကမ်းကပ်ရန် အီတလီက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။