ရွေးကောက်ပွဲနိုင်ထားသော မက္ကဆီကို သမ္မတလောင်း လစာထက်ဝက်လျှော့ယူမည်

ရွေးကောက်ပွဲနိုင်ထားသော မက္ကဆီကို သမ္မတလောင်း လစာထက်ဝက်လျှော့ယူမည်

    မက္ကဆီကိုနိုင်ငံတွင် သမ္မတအဖြစ် ရွေးကောက်ခံထားရပြီး ဒီဇင်ဘာတွင် ရာထူးလွှဲပြောင်းရယူမည့် အန်းဒရတ် မန်နျူရယ် လိုပက်ဇ် အော်ဘရေဒါက သမ္မတလစာကို ထက်ဝက်လျှော့ယူသွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်း၏ လက်ထက်တွင် ဖော်ဆောင်မည့် ခြိုးခြံချွေတာရေး အစီအစဉ်တွင် ကိုယ်တိုင်စံနမူနာပြ ပါဝင်လိုက်ခြင်းလည်း ဖြစ်သည်။ 

"ခြိုးခြံချွေတာရေး အစီအစဉ်ကို သမ္မတကစပြီး နိုင်ငံသားတိုင်း ပါဝင်ရမယ်ဆိုတာကို စံနမူနာပြနိုင်ဖို့အတွက် အခုလို လစာထက်ဝက်လျှော့ယူတာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ လစာငွေ ပီဆို ၁၀၈၀ဝ၀ (၅၇၀၇ ဒေါ်လာ) သာ ယူမည်ဟု လိုပက်ဇ် အော်ဘရေဒါက ပြောသည်။ ၎င်း၏ ခြောက်နှစ်တာ သမ္မတသက်တမ်းအတွင်း အခြားသော အစိုးရအဖွဲ့ဝင်များသည်လည်း အလားတူ အချိုးကျ လစာလျှော့ချယူကြရမည်ဖြစ်ကြောင်းလည်း ပြောသည်။ လက်ရှိ မက္ကဆီကိုသမ္မတ အန်းနရစ် ပီနာ နစ်တိုသည် လစာ ပီဆို ၂၇၀ဝ၀ဝ ရရှိသည်။ 
    လိုပက်ဇ် အော်ဘရေဒါက ၎င်းအနေဖြင့် ယခုထက်ပင် လစာလျှော့ယူရန် ဆန္ဒရှိသော်လည်း ၎င်းလျှော့ယူလိုက်ပါက အခြားသော အစိုးရအဖွဲ့ဝင်များလည်း လျှော့ယူရမည်ဖြစ်ရာ၊ ကိုယ်ပိုင်စီးပွားလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ နယ်ပယ်များမှ ရာထူးများကို စွန့်လွှတ်ကာ နိုင်ငံအကျိုးအတွက် အစိုးရအဖွဲ့ထဲ ဝင်လာသည့် လစာမြင့်သူများကို မငဲ့ညှာရာ ရောက်သဖြင့် ထပ်မံလျှော့ချပြီး မယူခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 
    အစိုးရအကြီးတန်းအဖွဲ့ဝင်များအတွက် ကိုယ်ပိုင်ယာဉ်မောင်း၊ သက်တော်စောင့်၊ ကိုယ်ပိုင်ဆရာဝန် စသည့် ခံစားခွင့်များကိုလည်း အများပြည်သူ၏ ဘဏ္ဍာငွေကုန်ကျခံ သုံးစွဲနေရသည်ဖြစ်သောကြောင့် တတ်နိုင်သမျှ စိစစ်လျှော့ချသွားမည်ဖြစ်ကြောင်း လိုပက်ဇ် အော်ဘရေဒါက ပြောသည်။ သမ္မတအိမ်တော်ကိုလည်း ယဉ်ကျေးမှုပြတိုက်အဖြစ် အသွင်ပြောင်းမည်ဖြစ်ပြီး၊ သမ္မတဟောင်းများအနေဖြင့်လည်း ပင်စင်လစာ ခံစားခွင့် ရမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။