မယ်ဆိုင်ဂူတွင်းကယ်ဆယ်ရေး၌ အဓိကပါဝင်ခဲ့သူ ဗြိတိန်ရေငုပ်သမားကို စော်ကားရေးသားခဲ့သူ တဲစ်လာစီအီးအိုအား တရားစွဲဆိုရန် စဉ်းစားနေ

မယ်ဆိုင်ဂူတွင်းကယ်ဆယ်ရေး၌ အဓိကပါဝင်ခဲ့သူ ဗြိတိန်ရေငုပ်သမားကို စော်ကားရေးသားခဲ့သူ တဲစ်လာစီအီးအိုအား တရားစွဲဆိုရန် စဉ်းစားနေ

ထိုင်းမြောက်ပိုင်း မယ်ဆိုင်မှ ရေလွှမ်းဂူတစ်ခုအတွင်း ပိတ်မိခဲ့သူ ၁၃ ဦးကို ကယ်ဆယ်ခဲ့ရာ၌အဓိကပါဝင်ခဲ့သူ ဗြိတိန်လူမျိုး ဂူတွင်းကျွမ်း ကျင်သူနှင့် ရေငုပ်သမားတစ်ဦးဖြစ်သူ ဗန်းအတ်စ်ဝပ်သ်က ၎င်းအား ပုတ်ခတ်ရေးသားခဲ့သည့် အမေရိကန်မှ တဲစ်လာ လျှပ်စစ်ကားလုပ်ငန်း၏ စီအီးအို အဲလွန်မတ်စ်ခ်အား တရားစွဲဆိုရန် စဉ်းစားနေကြောင်းသိရသည်။

ကလေးသူငယ်စိတ်ဝင်စားသူ

ဗန်းအတ်စ်ဝပ်သ်က တဲစ်လာက ဂူတွင်းကယ်ဆယ်ရေးအတွက် အသေးစား ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ပေးပိုခဲ့ခြင်းသည် ကုမ္ပဏီ၏ လူထုဆက်ဆံရေး စတန့်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် တဲစ်လာ စီအီးအို အဲလွန်မတ်စ်ခ်က တွစ်တာတွင်တုံ့ပြန်ရေးသားရာ၌ အတ်စ်ဝပ်သ်အား ကလေးသူငယ်စိတ်ဝင်စားသူအဖြစ် သုံးနှုန်းခဲ့သည်။ ယင်းမှတ်ချက်ကို ယခုပြန်လည် ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

ထိုင်းတွင်နေထိုင်ပြီး ဂူများအကြောင်းကျွမ်းကျင်သည့် မစ္စတာ အတ်စ်ဝပ်သ်သည် ကယ်ဆယ်ရေး၌ အရေးပါသည့်ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။ မတ်စ်ခ်သည် ဖော်လိုဝါ ၂၂ သန်း ကျော်ရှိသည့် ၎င်း၏တွစ်တာအကောင့်တွင် မီနီရေငုပ်သင်္ဘောဗီဒီယိုတစ်ခုကို ဖော်ပြရင်း အတ်စ်ဝပ်သ်ကို ပုတ်ခတ်ရေးသားခဲ့ပြီး အုတ်အုတ်ကျက်ကျက် ဝေဖန် ခံခဲ့ရသည့်နောက် ရေးသားချက်ကို ပြန်လည်ပယ်ဖျက်ခဲ့သည်။

မတ်စ်ခ်သည် ကယ်ဆယ်ရေးအကြီးအကဲ မယ်ဆိုင်အုပ်ချုပ်ရေးမှူး အော်ဆိုတနာခွန်ကိုလည်း တိုက်ခိုက်ဝေဖန်ခဲ့သည်။