ဇူလိုင် ၁၇ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မန္တလေးအောင်မြေသာစံမြို့နယ် မန္တလေးတောင် မြောက်ဘက်အဆင်းလမ်းရှိပန်းခုံပေါ်တွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တောင်တက်စက်ဘီးစီးနင်းသူများက တွေ့ရှိခဲ့ပြီး နန်းတော်ရှေ့လူမှု ကယ်ဆယ်ရေး အဖွဲ့ သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' မနက်စောစော တောင်တက်စက်ဘီးအဖွဲ့က တွေ့လို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ သေတဲ့ အမျိုးသားက အသက် ၃၀ လောက်ရှိပြီ။ သူရဲ့ညာဘက်လက်မှာ ယု ဆိုတဲ့ စာလုံးတစ်လုံးထိုးထားတယ်။ ဦးခေါင်းနောက်စေ့ ကွဲပြီး သေဆုံးတဲ့ အနေထားလို့မြင်ပါတယ်" ဟု နန်းတော်ရှေ့လူမှု ကယ်ဆယ်ရေး အဖွဲ့မှ ကိုသိန်းထွန်းအောင်ကပြောသည်။
သေဆုံးသူ အနီးတွင် လက်ကိုင်ဖုန်းတစ်လုံးကိုတွေ့ရှိခဲ့သော်လည်း အဆိုပါ လက်ကိုင်ဖုန်းမှာ လော့ချ ထားသဖြင့် ဖွင့်၍ မရခဲ့ကြောင်း သက်ဆိုင်ရာက စေတနာမွန်နာမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး သေဆုံးသူနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင် ရန် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ၄င်းကပြောသည်။

















