ရီပတ်ဘလီကန်နှင့်နီးစပ်သည့် ရုရှားအမျိုးသမီးတစ်ဦး ရုရှားအစိုးရအတွက် သူလျှိုမှုဖြင့် စွဲချက်တင်ခံရ

ရီပတ်ဘလီကန်နှင့်နီးစပ်သည့် ရုရှားအမျိုးသမီးတစ်ဦး ရုရှားအစိုးရအတွက် သူလျှိုမှုဖြင့် စွဲချက်တင်ခံရ

ဝါရှင်တန်    ဇူလိုင် ၁၇
    အမေရိကန်တွင် ရီပတ်ဘလီကန်ပါတီနှင့်နီးစပ်မှုရှိသည့် အသက် ၂၉ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးသည် ရုရှားအတွက် သူလျှိုလုပ်ပေးမှုဖြင့် စွဲချက်တင်ခံထားရသည်။ မာရီယာ ဘူတီနာ အမည်ရှိ ယင်းအမျိုးသမီးသည် သေနတ်ကိုင်ဆောင်ခွင့်အတွက် တိုက်ပွဲဝင်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ယင်းစွဲချက်သည် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုအား စုံစမ်းနေသည့် အထူးစုံစမ်းရေးမှူး ရောဘတ်မြူလာ၏ စုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်ခြင်းမရှိပေ။ ဘူတီနာ၏ရှေ့နေ ရောဘတ်ဒရစ္စကိုးလ်က ၄င်း၏အမှုသည်သည် သူလျှိုတစ်ဦးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘွဲ့တစ်ခုအတွက် နိုင်ငံတကာဆက်ဆံရေးကို လေ့လာနေသည့် ကျောင်းသူတစ်ဦးသာဖြစ်ကြောင်း၊ စွဲချက်အတွက် အစိုးရ ထုတ်ပြန်ခဲ့သည့်အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
    ဝါရှင်တန်တွင်နေထိုင်သည့် မစ္စဘူတီနာသည် ဇူလိုင် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရသည်။ ၄င်းသည် ပြည်ပအကျိုးဆောင် ဥပဒေအရ လုပ်ငန်းမှတ်ပုံတင်ရန်ပျက်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံရေးကိုလွှမ်းမိုးနိုင်သည့်ပုဂ္ဂိုလ်များနှင့် ဆက်သွယ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရုရှားအစိုးရအကျိုးစီးပွားအတွက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း အက်ဖ်ဘီအိုင်က ပြောဆိုခဲ့သည်။
    ဘူတီနာသည် ဆိုက်ဘေးရီးယားမှဖြစ်ပြီး အမေရိကန်တက္ကသိုလ်တစ်ခုတွင် တက်ရောက်ရန် ကျောင်းသားဗီဇာဖြင့် အမေရိကန်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ၄င်းသည် လက်နက်ကိုင်ဆောင်မှုအခွင့်အရေးအုပ်စုတစ်စုကို ထူထောင်ခဲ့ပြီး သြဇာကြီးသည့် အမေရိကန်အမျိုးသားရိုင်ဖယ်အသင်း(အင်န်အာရ်အေ)နှင့် ဆက်သွယ်ခဲ့သည်။ ၄င်းသည် အမေရိကန်ဘဏ္ဍာရေးဌာန၏ ဆန်ရှင်ချမှတ်ခံရသူ ရုရှားဘဏ်လုပ်ငန်းရှင်နှင့် ဆီးနိတ်အမတ်ဟောင်း အလက်ဇန္ဒားတော်ရှင်၏ လက်ထောက်တစ်ဦးဖြစ်လာကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။