ဟိုနိုလူလူ ဇူလိုင် ၁၇
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်တွင် ချော်ရည်များစီးထွက်နေသော ကီလောင်ယာ မီးတောင်မှ ရုတ်တရက် မှုတ်ထုတ်သည့် ချော်ဖတ်များလွင့်ပျံလာကာ တိုးရစ်များကို တင်ဆောင်လာသော လှေတစ်စီးပေါ် ကျရောက်မှုကြောင့် ခရီးသွား ၂၃ ဦးထိ အပူလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ချော်ဖတ်များ၊ ကျောက်တုံးများသည် လှေအမိုးကိုဖောက်ကာ လွင့်ပျံကျလာမှုကြောင့် ခရီးသည်တစ်ဦး ခြေထောက်ကျိုးကာ အခြားခရီးသည်များ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း အာဏာပိုင်များကပြောသည်။ ကီလောင်ယာမီးတောင်သည် မေလက အကြီးစားပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ချော်ရည်များ၊ ဓာတ်ငွေ့များတစိမ့်စိမ့် စီးထွက်လျက် ရှိသည်။
ဟာဝိုင်အီတွင် ပင်လယ်ထဲသို့ ချော်ရည်များစီးကျနေပုံကို ကမ္ဘာလှည့်ခရီးသည်များအား လှေများဖြင့် လိုက်ပြခြင်းသည် စီးပွားလုပ်ငန်းတစ်ခုနှယ်ဖြစ်သည်။ ဒဏ်ရာရသူများကို ဆေးရုံတင် ကုသပေးထားသည်။
လှေသည် ကမ်းခြေစောင့်တပ်ဖွဲ့က သတ်မှတ်ထားသော အန္တရာယ်ကင်းဇုန်ကို ကျော်လွန်ကာ သွားရောက်ခြင်းကြောင့် ယခုလို ချော်ရည်မိုးရွာချသည့် ဇုန်အတွင်း ကျရောက်ခဲ့ရခြင်းဖြစ်ကြောင်း ခရီးသွားအချို့က ဟာဝိုင်အီမြေယာနှင့် သဘာဝသယံဇာတရင်းမြစ်များဌာနကို တိုင်ကြားထားသည်။
ကီလောင်ယာမီးတောင်စုသည် ကမ္ဘာပေါ်တွင် လှုပ်ရှားမှုအရှိဆုံး မီးတောင်စုဖြစ်ပြီး မီးတောင်ပေါက်ကွဲ၊ ချော်ရည်စီးထွက်မှုများကြောင့် အိမ်ထောင်စုရာပေါင်းများစွာနှင့် လူထောင်ပေါင်းများစွာကို နေရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ မေလက ကီလောင်ယာမီးတောင် အပြင်းစားပေါက်ကွဲမှုကြောင့် စီးထွက်လာသည့် ချော်ရည်များ စုပုံကာ ပင်လယ်အတွင်း ကျွန်းငယ်တစ်ကျွန်း ထပ်မံဖြစ်ထွန်းလာကြောင်းလည်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

















