ဝါရှင်တန် ဇူလိုင် ၁၇
အာဖဂန်နစ္စတန်ရှိ တာလီဘန်အုပ်စုနှင့် တိုက်ရိုက်ဆွေးနွေးရန် အမေရိကန်ကလမ်းဖွင့်ထားကြောင်း အမေရိကန်အာဏာပိုင်များက ပြောဆိုခဲ့ပြီး ယင်းသည် ၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲအဆုံးသတ်ရေး ထရမ့်အစိုးရ၏ နည်းဗျူဟာအလှည့်အပြောင်းတစ်ရပ်ဖြစ်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။
ယခင်က အမေရိကန်သည် အာဖဂန်အစိုးရပါဝင်လျက်သာ တာလီဘန်များနှင့် ဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သည်။ အာဖဂန်အချင်းချင်း စေ့စပ်ဆွေးနွေးစေလိုသည့် အဓိကရည်မှန်းချက်ကား ကျန်ရှိနေဆဲဟူ၍ အမည်မဖော်လိုသော အမေရိကန်အဆင့်မြင့်အရာရှိ တစ်ဦးက ဇူလိုင် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုကို ကာလကြာရှည်ငြင်းဆန်ခဲ့ပြီး ယင်းအစား အမေရိကန်နှင့်သာ စေ့စပ်လိုကြောင်း ပြောဆိုထားသည်။ လွန်ခဲ့သည့်လ၌ အာဖဂန်သမ္မတ အာရှ်ရက်ဖ် ဂါနီက ဘာသာရေးအားလပ်ရက်များအတွက် အပစ်ရပ်စဲရေး ကြေညာခြင်း၊ သက်တမ်းတိုးခြင်းများ ပြုလုပ်လျက် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည့်တိုင် တာလီဘန်တို့က အမေရိကန်နှင့်သာ ဆွေးနွေးလိုသည့်ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲခဲ့သည်။
ယင်းနောက် တာလီဘန်တို့က အသေခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အာဖဂန်အစိုးရကလည်း စစ်ဆင်ရေးများ ပြန်စခဲ့သည်။ ယခုအခါ အမေရိကန်၏ တရားဝင်အကြောင်းကြားမှုကို စောင့်ဆိုင်းလိုကြောင်း တာလီဘန်တို့က ပြောဆိုခဲ့သည်။ သို့သော် အမေရိကန်အနေဖြင့် ဆွေးနွေးလိုပါက တာလီဘန်ခေါင်းဆောင်များကို အမည်မည်းစာရင်းမှ ပယ်ဖျက်ကာ ကာတာတွင် တာလီဘန်ကိုယ်စားလှယ်ရုံး ဖွင့်ခြင်းကို တရားဝင်အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















