ပြီးခဲ့သည့်နှစ်က တက္ကဆက်၌ ခိုးယူခံရသော အမေရိကန်နျူကလီးယားပစ္စည်း ယခုထိ ရှာမတွေ့သေး

ပြီးခဲ့သည့်နှစ်က တက္ကဆက်၌ ခိုးယူခံရသော အမေရိကန်နျူကလီးယားပစ္စည်း ယခုထိ ရှာမတွေ့သေး

ဝါရှင်တန်     ဇူလိုင် ၁၇ 
    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က စွမ်းအင်ဝန်ကြီးဌာန (ဒီအိုအီး) ဝန်ထမ်းများထံမှ ခိုးယူခံလိုက်ရသော နျူကလီးယားပစ္စည်းကို ယခုထိ ရှာမတွေ့သေးကြောင်း မကြာသေးခင်က ထွက်ရှိထားသည့် အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။ 

ဒီအိုအီး ဝန်ထမ်းများ ဟိုတယ်တစ်ခုတွင် ညအိပ်တည်းခိုစဉ် ကားပေါ်၌ တင်လာသော ပလူတိုနီယံနှင့် စီဆီယံ နျူကလီးယားဓာတ်ပစ္စည်းများ ခိုးယူခံရခြင်းဖြစ်ကြောင်း အများပြည်သူ ယုံကြည်မှုစင်တာ (စီပီအိုင်) ၏ အစီရင်ခံစာက ဖော်ပြသည်။ ခိုးယူခံရသော နျူကလီးယား ဓာတ်ပစ္စည်းများကြောင့် အများပြည်သူအတွက် အန္တရာယ်မရှိကြောင်း ဒီအိုအီး အရာရှိတစ်ဦးက ပြောသည်။ 
    ဒီအိုအီးဌာနမှ လုံခြုံရေးတာဝန်ရှိအဖွဲ့သည် ၂၀၁၇ မတ်လက အိုင်ဒါဟိုရှိ အမျိုးသားဓာတ်ခွဲခန်းမှ  တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ သုတေသန ဓာတ်ခွဲခန်းတစ်ခု၌ နျူကလီးယားဓာတ်ပစ္စည်းများကို ကားဖြင့်သွားယူရန် ခရီးထွက်ခဲ့ကြသည်။ သုတေသန နျူကလီးယားပစ္စည်းများကို မှန်ကန်စွာ နှိုင်းယှဉ် ချိန်တွယ်ရယူနိုင်ရန်အတွက် ကားပေါ်တွင် ပလူတိုနီယံနှင့် စီဆီယံ စံပြုပစ္စည်းများလည်း တင်ဆောင်သွားကြသည်။     ပစ္စည်းသယ်မည့်အဖွဲ့သည် လမ်းတွင် ဟိုတယ်တစ်လုံး၌ ညအိပ်ရပ်နားစဉ် ပလူတိုနီယံနှင့် စီဆီယံ စံပစ္စည်းများကို ကားပေါ်တွင် ထားခဲ့ပြီး ညအိပ်ခဲ့ကြရာ မိုးလင်းသည်တွင် ကားသည် ဖောက်ထွင်းခံထားရပြီး နျူကလီးယားပစ္စည်းများလည်း ခိုးယူခံထားရကြောင်း တွေ့ရှိရသည်။ ဒီအိုအီး တာဝန်ရှိသူများကမူ စံပြုပစ္စည်းများသည် အကြွေစေ့ခန့်သာရှိပြီး လူကို အန္တရာယ်ဖြစ်စေလောက်သည့် ရေဒီယိုသတ္တိကြွအင်အားလည်း မရှိကြောင်း ထုတ်ပြန် အသိပေးထားသည်။
ပလူတိုနီယံသည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ဓာတ်ပစ္စည်းအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဒုတိယကမ္ဘာစစ်ကာလက နာဂါဆာကီတွင် လူ ခုနစ်သောင်း သေဆုံးခဲ့ရသည့် Fat Man နျူကလီးယားဗုံးသည် ပလူတိုနိယံကို အဓိကအခြေခံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။