ပေကျင်း ဇူလိုင် ၁၇
တရုတ်တွင် ရိုက်ကူးစရိတ် စံချိန်တင် အများဆုံးအဖြစ် သတ်မှတ်ခံရသည့် Asura ဒဏ္ဍာရီ ဇာတ်ကားကို ရုံတင်ပြီး တစ်ပတ်အကြာမှာပင် ရုံပြန်ချလိုက်ရပြီဖြစ်ကြောင်း သိရသည်။
Asura သည် ရုံတင်သည့် ပထမဆုံး သီတင်းပတ်ကုန်နှစ်ရက်တွင် ယွမ် သန်း ၅၀ သာ ရရှိခဲ့ပြီးနောက် ရုံပြန်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Asura သည် ရိုက်ကူးစရိတ် ယွမ်သန်း ၇၅၀ (ဒေါ်လာ ၁၁၂ သန်း) ကုန်ကျထားသည်။ Asura ဇာတ်လမ်းကျောရိုးသည် တရုတ်ဒဏ္ဍာရီများကို အခြေခံထားပြီး၊ နာမည်ကျော်သရုပ်ဆောင်များ၊ ကွန်ပျူတာအထူးပြုလုပ်ချက်များဖြင့် အားပါးတရ ဖန်တီးထားသည်။ ရုပ်ရှင်ထုတ်လုပ်သူများကမူ ရုပ်ရှင်ကို ပြန်လည်တည်းဖြတ် အားဖြည့်ကာ တစ်ချိန်ချိန်တွင် ရုံပြန်တင်မည်ဟုသာ ရှင်းလင်းပြောကြားထားသည်။
ဒုတိယအကြိမ် ရုံပြန်တင်ရာတွင်လည်း Asura သည် မှန်းချက်နှင့်နှမ်းထွက်မကိုက်ပါက ဒေါ်လာ ၁၀၅ သန်းလောက်ထိ အရှုံးပေါ်နိုင်ပြီး ရုပ်ရှင်သမိုင်းတစ်လျှောက် အရှုံးဆုံး စံချိန်တင်ဇာတ်ကား ဖြစ်လာနိုင်ကြောင်း ရုပ်ရှင်လုပ်ငန်း ကျွမ်းကျင်သူများက ပြောသည်။
Asura ကို တရုတ်တွင် အဓိက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးများဖြစ်သော အလီဘာဘာ ပစ်ချား၊ ကျန်ကျန်းရုပ်ရှင်လုပ်ငန်းနှင့် နင်ရှာရုပ်ရှင်လုပ်ငန်းတို့က ပူးပေါင်းဖန်တီးထားခြင်း ဖြစ်သည်။ Asura ကို မပြသခင်က နိုင်ငံပိုင်မီဒီယာ ချိုင်းနားဒေးလီးကပင် Asura သည် တရုတ်၏ နွေရာသီရုပ်ရှင်ကာလတွင် ထွက်ရှိမည့် ဇာတ်ကားများအနက် ပရိသတ်အတောင့်တဆုံး ဇာတ်ကားဖြစ်သည်ဟုပင် ချီးကျူးရေးသားခဲ့သည်။
တရုတ်သည် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံး ရုပ်ရှင်လုပ်ငန်းနိုင်ငံအဖြစ် ရောက်ရှိလာတော့မည်ဖြစ်ရာ Asura သည်လည်း Lord of the Rings ၊ Game of Thrones စသည့် ဇာတ်ကားတွဲများကဲ့သို့ စံချိန်တင်လူကြိုက်များမည့် ဒဏ္ဍာရီ ဇာတ်ကားမျိုးအဖြစ် တရုတ် ဖျော်ဖြေရေးလုပ်ငန်းကဏ္ဍက မှန်းထားခဲ့သည်။
ထုတ်လုပ်သူများကမူ ရုံတင်တင်ချင်း ရက်သတ္တပတ် ရုံဝင်ငွေ အခြေအနေ မကောင်းခြင်းသည် Asura ကို ရုံပြန်ချရသည့် အကြောင်းရင်းများအနက် တစ်ခုသာ ဖြစ်ကြောင်း ပြောကြားထားသည်။
















