ကန်နိုင်ငံရေးကို ရုရှားစွက်ဖက်ခဲ့မှု ထောက်လှမ်းရေးအစီရင်ခံစာနှင့် ဖီလာဆန့်ကျင်မှတ်ချက်ပြုသည့် သမ္မတထရမ့် ပြင်းထန်စွာဝေဖန်ခံရ

ကန်နိုင်ငံရေးကို ရုရှားစွက်ဖက်ခဲ့မှု ထောက်လှမ်းရေးအစီရင်ခံစာနှင့် ဖီလာဆန့်ကျင်မှတ်ချက်ပြုသည့် သမ္မတထရမ့် ပြင်းထန်စွာဝေဖန်ခံရ

ဝါရှင်တန်    ဇူလိုင် ၁၇
    သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတ ဗလာဒီမီယာပူတင်တို့ ထိပ်သီးတွေ့ဆုံပွဲအပြီးတွင် ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံရေးအား ရုရှားစွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများနှင့် ဖီလာ ဆန့်ကျင်သည့် မှတ်ချက်စကားများပြောကြားမှုကြောင့် သမ္မတထရမ့်သည် အပြင်းအထန် ဝေဖန်ခံနေရသည်။

ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးစည်းဝေးပွဲတွင် သမ္မတထရမ့်က ရုရှားသည် အမေရိကန်နိုင်ငံရေးကို စွက်ဖက်ရန် အကြောင်းမရှိကြောင်း ပြောဆိုခဲ့ခြင်းဖြင့် အမေရိကန်ထောက်လှမ်းရေးလောကနှင့် အကြီးအကျယ်သဘောကွဲကြောင်း ပြသရာရောက်ခဲ့သည်။ ယင်းအတွက် ဒိီမိုကရက်တစ်များကသာမက ထရမ့်၏ ရီပတ်ဘလီကန်အမတ်များကပါ ထရမ့်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
    နှစ်နာရီကြာ လက်ထောက်များမပါသည့် ထိပ်သီးစည်းဝေးပွဲအပြီး ထရမ့်နှင့်ပူတင် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၂၀၁၆ က အမေရိကန်နိုင်ငံရေးကို စွက်ဖက်ခဲ့သူမှာ ရုရှားမဟုတ်ဟု သမ္မတပူတင်က ပြောဆိုကြောင်း၊ ၄င်းပြောသည့်အတိုင်း ရုရှားသည် ယင်းသို့ပြုရန် အကြောင်းမရှိကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ ဒီမိုကရက်တစ်အမတ် ချပ်ရှူးမားက သမ္မတထရမ့်သည် ပြိုင်ဘက်ကို ပိုအားကောင်းစေခဲ့ပြီဟု စွပ်စွဲခဲ့ပြီး ရီပတ်ဘလီကန်အမတ် ပေါလ်ရိုင်ယန်းကလည်း ရုရှားသည် မဟာမိတ်မဟုတ်ဟု ဆိုကာ မက်ကိန်းကလည်း ရှက်ဖွယ်လိလိ ပြောဆိုမှုဟု ဝေဖန်ခဲ့ကြသည်။
    အခြားသောအမတ်များနှင့် ထောက်လှမ်းရေးအရာရှိဟောင်းများကလည်း သမ္မတထရမ့်ကို မရပ်မနား ပြစ်တင် ရှုတ်ချလျက်ရှိပြီး ယုတ်ညံ့သည့်ခေါင်းဆောင်၊ မင်းဆိုးမင်းညစ်ဟူ၍ပင် ပြောဆိုမှုများ ရှိနေသည်။ အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူး ဒန်ကုတ်စ်က အမေရိကန်ဒီမိုကရေစီကို လှိုက်စားရန် ကျယ်ပြန့်သည့် လုပ်ရပ်များအတွက် ရုရှားတွင်တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
    အမေရိကန် ရုရှားဆက်ဆံရေးသည် ထိပ်သီးတွေ့ဆုံမှုမတိုင်ခင် အဆိုးရွားဆုံးဖြစ်နေခဲ့ပြီး ပူတင်နှင့်တွေ့ဆုံပြီးနောက် ပြောင်းလဲခဲ့ပြီဟုလည်း ထရမ့်ကပြောဆိုခဲ့သည်။