ပြုံယမ်း ဇူလိုင် ၁၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဓာတ်အားပေးစက်ရုံတစ်ရုံ၊ အပန်းဖြေစခန်းတစ်ခုနှင့် ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ရုံတို့သို့သွားရောက် စစ်ဆေးစဉ်အတွင်း တာဝန်မကျေပွန်သည့် အစိုးရအရာရှိများကို ကြိမ်းမောင်းပြစ်တင်ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
ကင်၏ကွင်းဆင်းလမ်းညွှန်မှုများကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အဓိကထားဖော်ပြလေ့ရှိခဲ့သည်။ ကင်သည် လက်ထဲတွင် မှတ်စုစာအုပ်များကိုင်ထားပြီး စိတ်ဝင်တစားဟန်ဖြင့် နားထောင်နေသည့် အစိုးရအရာရှိများအား လိုအပ်သည်များကို မှာကြားလေ့ရှိသည်။
ကင်၏ မြောက်ဟမ်ဂြွန်ခရိုင်သို့သွားရောက်သည့် ခရီးစဉ်အတွက် နိုင်ငံပိ်ုင်သတင်းစာ ရိုဒွန်ဆင်မွန်သည် စာမျက်နှာကို ၁၂ မျက်နှာအထိ တိုးမြှင့်ခဲ့ပြီး ခရီးစဉ်နှင့်ပတ်သက်၍ စာမျက်နှာကိုးမျက်နှာကိုအသုံးပြုဖော်ပြခဲ့သည်။ နှောင့်နှေးမှုများကြောင့် ၇၀ ရာခိုင်နှုန်းသာ ပြီးစီးသေးသည့် အော်ရန်ချွန်ဓာတ်အားပေးစက်ရုံသို့သွားရောက်ပြီးနောက်တွင် ကင်သည် အံ့သြစိတ်ပျက်လွန်းသောကြောင့် စကားပင်မပြောချင်ဖြစ်ခဲ့မိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန ကေစီအင်န်အေက ဖော်ပြခဲ့သည်။
ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ခရိုင်တာဝန်ရှိသူများကိုသာ ပုံအပ်ထားပြီး အာရုံမစိုက်ခဲ့သည့်အတွက် ဝန်ကြီးအဖွဲ့ဝင် အစိုးရအရာရှိများအား ကင်က ဆူပူပြောဆိုခဲ့ကြောင်း သတင်းဌာနကဖော်ပြခဲ့သည်။ စီမံကိန်းကို လာမည့်နှစ် အောက်တိုဘာတွင် အပြီးသတ်ရန်လည်း ကင်က ညွှန်ကြားခဲ့သည်။
အွန်ဖိုအပန်းဖြေစခန်းရှိ ရေပူချိုးကန်များညစ်ပတ်နေသည့်အတွက်လည်း ကင်သည် ဒေါသတကြီးပြောဆိုခဲ့သည်။ ယင်းရေချိုးကန်သို့ ကင်၏ဖခင် ကင်ဂျုံအီနှင့် အဖိုးဖြစ်သူ ကင်အီဆွန်းတို့သွားရောက်ခဲ့ဖူးသည်။ ရေပူချိုးကန်များသည် ငါးကန်များထက်ပင် ပိုမိုညစ်ပတ်နေကြောင်း ကင်ကပြောဆိုခဲ့သည်။
မြောက်ဟမ်ဂြွန်ပါတီကော်မတီသည် ခရိုင်ဆိုင်းတွင် အိတ်ထုတ်လုပ်ရေးစက်ရုံသစ်ဆောက်လုပ်ရမည်ဆိုသည့် အစိုးရ၏မူဝါဒကို ရိုးသားစွာလက်သင့်ခံခြင်းမပြုကြောင်း ကေစီအင်န်အေကဖော်ပြခဲ့သည်။ ကော်မတီသည် လက်ရှိရှိပြီးသား စက်ရုံထဲတွင် အိတ်ထုတ်လုပ်ရေးအတွက် မသင့်လျော်သည့်အခန်းများကို သတ်မှတ်ပေးခဲ့သောကြောင့် ကင်ဂျုံအွန် အလွန်အမင်းစိတ်ပျက်ခဲ့ရကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် စင်ကာပူ၌ တွေ့ဆုံပြီးနောက်တွင် မြောက်ကိုရီးယားသည် စီးပွားရေးကို အာရုံစိုက်နေကြောင်း တစ်ကမ္ဘာလုံးကိုအသိပေးလိုုက်ခြင်းဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်းမိုဂျင်းက ပြောဆိုခဲ့သည်။

















