နယူးယောက် ဇူလိုင် ၁၇
ထိုင်းမှ နာမည်ကျော် ဂူတွင်းကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ဗြိတိန်ရေငုပ်သမားတစ်ဦးကို ကလေးသူငယ်များကို လိင်မှုအလို့ငှာစိတ်ဝင်စားသူအဖြစ် တွစ်တာ၌ ပုတ်ခတ်ရေးသားခဲ့သည့် အမေရိကန်နည်းပညာလုပ်ငန်းရှင် အဲလွန်မတ်ခ်စ်၏ စီးပွားရေးလုပ်ငန်းများ အခက်ကြုံတွေ့ ထိခိုက်နိုင်ခြေ ရှိလာပြီဖြစ်သည်။
မကြာမီက လျှပ်စစ်ကားမော်ဒယ်သစ်ကို အခြေခံဈေး ဒေါ်လာ ၃၅၀ဝ၀ ဖြင့် စတင်ရောင်းချခဲ့သည့် တဲစ်လာ၏ ရှယ်ယာဈေးနှုန်းများ ဇူလိုင် ၁၆ ရက်၌ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တဲစ်လာလျှပ်စစ်ကားနှင့် စပေ့စ်အိပ်က်စ်ဒုံးပျံကုမ္ပဏီများ၏ စီအီးအိုဖြစ်သူ မတ်ခ်စ်သည် ၄င်းပေးပို့ခဲ့သည့် ရေငုပ်သင်္ဘောငယ်ကို အသုံးမပြုခဲ့မှု၊ စတန့်ထွင်မှုတစ်ရပ်အဖြစ် ဝေဖန်ပြောဆိုခဲ့မှုဖြင့် ထိုင်းအခြေစိုက် ဗြိတိန်ရေငုပ်သမားနှင့် ဂူတွင်းကျွမ်းကျင်သူ ဗန်းအတ်စ်ဝပ်သ်အား တွစ်တာပေါ်တွင် တုံ့ပြန်သည့်အနေဖြင့် ပုတ်ခတ်ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဝေဖန်မှုများ မြင့်တက်လာ၍ ရေးသားချက်ကို ပြန်လည်ပယ်ဖျက်ခဲ့သည်။
သို့သော် ဖော်လိုဝါ ၂၂ သန်းကျော်ရှိသော အကောင့်တွင် ယင်းသို့ အခြေအမြစ်မဲ့ပုတ်ခတ်ရေးသားမှုအတွက် ၄င်း၏ စီးပွားရေးလုပ်ငန်းများမှ ရှယ်ယာများအရောင်းအဝယ်အပေါ် မေးခွန်းထုတ်မှု ဆန့်ကျင်မှုအချို့ ရှိလာသည်။ တဲစ်လာအတွက် ကာကွယ်ပြောဆိုရန်အကြောင်းမရှိဟု မီချီဂန်တက္ကသိုလ်မှ စီးပွားရေးနှင့် ဥပဒေပါမောက္ခ အဲရစ်ဂေါ်ဒန်က ပြောဆိုခဲ့သည်။
မတ်ခ်စ်အား တရားစွဲရန် စဉ်းစားနေကြောင်း ဗန်းအတ်စ်ဝပ်သ်က ပြောဆိုခဲ့သည်။ မတ်ခ်စ်သည် တွစ်တာတွင် ယခုနှစ်ပထမလေးလအတွင်း တစ်လလျှင် ပျမ်းမျှ မှတ်ချက် ၄၀ဝ ခန့် ရေးသားခဲ့ရာ သမ္မတထရမ့်၏စံချိန် ထက်ဝက်ခန့် ဖြစ်သည်။
ထိုင်းဂူတွင်းကယ်ဆယ်ရေးကို ခေါင်းဆောင်သူများက တောင်းဆို၍ ဂူတွင်းပိတ်မိသူ ၁၃ ဦးစလုံးကို လုံခြုံစိတ်ချစွာ ကယ်ထုတ်ရန် ဒုံးပျံတည်ဆောက်သည့်သတ္တုဖြင့် ရေငုပ်သင်္ဘောငယ် တည်ဆောက်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မတ်ခ်စ်က ကာကွယ်ပြောဆိုခဲ့သည်။

















