ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ နယ်စပ်ခြံစည်းရိုးကို ကျော်တက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသူ နှစ်ဦးကို မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၁၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁၆ ရက်၊ ညနေ ၄ နာရီခန့်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ပိုင်းခြားထားသည့် နတ်မြစ်ကို ဖြတ်ကူးပြီး မောင်တောမြို့နယ် မြောက်ပိုင်း ပေါင်းဇားချောင်းဝ ကင်းစခန်း အနီးရှိ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ကို ကျော်တက်ကာ မြန်မာနိုင်ငံထဲသို့ ဒီလူး(ခ) ဒိလ်မာ မတ် (၅၅) နှစ်နှင့် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့က ဝင်ရောက် လာခဲ့ကြောင်း၊ ထိုသို့ ကျော်တက် ဝင်ရောက်နေ သည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သတိပေးဟန့်တားခဲ့ကြောင်း သိရသည်။
ထိုသို့ဟန့်တားခြင်းကို ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးကို ဆက်လက် ကျော်တက် သဖြင့် MA-11 မောင်း ပြန်ရိုင်ဖယ် သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ဒီလူး(ခ) ဒိလ်မာမတ်၏ ကျောယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာရသူအား ယခုအခါ မောင် တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မာမွတ်ဖာဒူ (ခ) မာမတ်ဖာရုလ်ကို ပြင်ဖြူနယ် မြေရဲစခန်း တွင်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
















